မွန်တမျိုးသားလုံး ကိုယ်စားပြုသည့် မွန်နိုင်ငံရေး ပါတီသစ်တခု ဖွဲ့စည်း သင့်ကြောင်း ပြည်သူများမှ ထောက်ခံခဲ့ပါက ပါတီတရပ်အား တည်ထောင် သွားရန် စဉ်းစား နေကြောင်း တသီး ပုဂ္ဂလ ဦးဆောင်သူ များက ပြောသည်။
မွန်တမျိုးသားလုံးအား ထောက်ခံ ကိုယ်စားပြုသည့် ပါတီ တခု ပေါ်ထွက်လာရေး အတွက် တသီးပုဂ္ဂလ ခေါင်းဆောင် များက ဦးဆောင်၍ အကျပ်အတည်း အခြေအနေ များအား လူထုထံသို့ ရှင်းလင်းပြကာ ပြည်သူများက ထောက်ခံပါက ပါတီတခု တည်ထောက်ရန် စဉ်းစားနေသည်ဟု သိရသည်။
တသီးပုဂ္ဂလ ဦးဆောင်သူ တဦး ဖြစ်သည့် ချောင်းဆုံ မဲဆန္ဒနယ်မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက “မွန်နိုင်ငံရေး ပါတီတွေက ပေါင်းစည်းရေး အတွက် စေတနာရှိကြတဲ့ စိတ်အား ထက်သန်တဲ့ လူတွေ ကြိုးပမ်း ပေမယ့်လည်း လက်ရှိမှာ ပေါင်းစည်းရေးက ဖြစ်မလာသေးဘူး၊ ဒီအကျပ်အတည်းတွေကို မွန်ပြည်သူလူထုကို ချပြပြီး ဘယ်လို လမ်းစ ရှာရမလဲ ဆိုတာ ဝိုင်းဝန်း အဖြေရှာ ချင်တဲ့ သဘောပေါ့။ သွားရောက် ချပြ ဆွေးနွေးသူတွေ ထဲမှာတော့ တယောက်နဲ့ တယောက် ရပ်တည်တာခြင်း မတူကြဘူးပေါ့၊ ကျနော် ကတော့ မွန်နိုင်ငံရေး ပါတီသစ်တခု မုချ ပေါ်ပေါက်ဖို့ တွန်းအားပေး ဆွေးနွေး တာမျိုးတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။
တသီးပုဂ္ဂလ ဦးဆောင်သူ တဦး ဖြစ်သည့် နိုင်မွန်ရာဇာကလည်း “ ကျနော်တို့က မွန်နိုင်ငံရေး ပါတီသစ်တခု ဖွဲ့စည်းဖို့ အတွက် အဲဒီလို အဓိပ္ပာယ်လည်း မဟုတ်ဘူး၊ မွန်သံဃာတော်တွေရဲ့ သဘောထားတွေ၊ လူထုတွေရဲ့ လိုလားချက်တွေ၊ လူငယ်နဲ့ တမျိုးသားလုံးရဲ့ လိုလားချက်တွေကို စုစည်းတယ်။ ပြီးခဲ့တဲ့ အတွေ့အကြုံတွေ အရ ဒီလို မွန်ပါတီတွေ ကွဲနေရင် လာမယ့် ရွေးကောက်ပွဲ မှာလည်း ကျနော်တို့ ကျရှူံးဦးမယ်။ ဒါပေမယ့် ပြည်သူလူထုတွေက တောင်းဆို လာမယ်၊ သံဃာ တွေက လိုလားမယ်။ အားလုံး ဘုံသဘောထား ရမယ် ဆိုရင်တော့ ဒီပါတီသစ် ဖွဲ့ဖို့ ဒီကိစ္စကို စဉ်းစားပါမယ်” ဟု နိုင်မွန်ရာဇာမှ ပြောသည်။
အဆိုပါ တသီး ပုဂ္ဂလ ဦးဆောင်သူ များမှ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က မွန်ပြည်နယ်၊ ပေါင်မြို့နယ်သို့ သွားရောက်၍ မွန်ပြည်သူ လူထုများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းသဘောထား များအား မေးမြန်း ရယူခဲ့ကြောင်း၊ တပတ်လျှင် တမြို့နယ်နှုန်း သွားရောက်ကာ မွန်ပြည်သူ လူထုများ၏ သဘောထား များကို ရယူသွားရန် စီစဉ် နေကြောင်း နိုင်မွန်ရာဇာက ဆက်ပြောသည်။
မွန်ပြည်နယ်ရှိ မြို့နယ်များအလိုက် ပြည်သူလူထု သဘောထား ရယူမှုအား ယခု ၂၀၁၇ နှစ်ကုန် အထိ လုပ်ဆောင် မည်ဖြစ်ပြီး အကယ်၍ ထိုကာလများ အတွင်း၌ မွန်နိုင်ငံရေး ပါတီများ ပေါင်းစည်းရေး လက်တွေ့ အကောင်အထည် ပေါ်ခဲ့ပါက ၎င်းတို့၏ အစီအစဉ်အား ပြန်လည် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ဦးဆောင်သူ တဦး ဖြစ်သည့် နိုင်အောက်ဆားမှ ပြောသည်။
၎င်းက “သြဇာ ရှိတဲ့ မွန်သံဃာတော်တွေကတော့ လက်ရှိ မွန်နိုင်ငံရေး ပါတီ တွေက မွန်ပြည်သူတွေရဲ့ အသံတွေကို နားမထောင်ဘူး ဆိုပြီး မြင်ကြတော့ မွန်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ မွန်နိုင်ငံရေး ပါတီ တခု ရှိသင့်တယ်လို့ ဆိုတဲ့ အပေါ်မှာ ကြိုတင် ပြင်ဆင်တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီနှစ် မကုန်ခင်မှာ ပါတီ ပေါင်းစည်းရေးက လက်တွေ့၊ အပြောနဲ့ သက်သက်မဟုတ်ပဲ အကောင်အထည် တကယ် ပေါ်မယ် ဆိုရင်တော့ ဒီလုပ်ဆောင်ချက်တွေကို ကျနော်တို့ ပြန်ရုပ်သိမ်းမှာပါ” ဟု ရှင်းပြသည်။
၎င်းတသီး ပုဂ္ဂလ ဦးဆောင် သူများ ထဲတွင် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၊ ဒေါက်တာ မင်းစိုးလင်း၊ ယခင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင်ဟောင်း နိုင်တလညီ၊ နိုင်မွန်ရာဇာ၊ ရေးမြို့နယ် သောင်ပြင် ကျေးရွာမှ နိုင်အောက်ဆားနှင့် လမိုင်းမြို့မှ နိုင်ဝေတို့ ပါဝင်ကြသည်။
ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၁၇ ရွေးကောက်ပွဲ တို့တွင် မွန်ပါတီများ တကွဲတပြား ဖြစ်ခဲ့ခြင်းကြောင့် မဲနိုင်သင့်သလောက် ကိုယ်စားလှယ်လောင်းများ အရေအတွက် အနိုင်မရခဲ့သည့် အပေါ် မွန်ပြည်သူများနှင့် သံဃာတော်များမှ စိုးရိမ် ပူပန်၍ မွန်ပါတီများ ပေါင်းစည်းရေး အတွက် ဝိုင်းဝန်း၍ တောင်းဆို နေကြ ခြင်းလည်း ဖြစ်သည်။
ထို့သို့ မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေး အတွက် ညှိနှိုင်းနေစဉ်၌လည်း ထပ်မံ၍ မွန်နိုင်ငံရေး ပါတီ တခု ပေါ်ပေါက် လာနိုင်သည့် အခြေအနေများ ရှိနေသည်ဟု မွန်ပြည်သစ်ပါတီမှ သုံးသပ်၍ ၎င်းတို့ ကမကထ ပြု၍ ဖွဲ့စည်းထားသည့် ပေါင်းစည်းရေး ကော်မတီမှ မွန်ပြည်သစ်ပါတီ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြီးခဲ့သည့် မေလခန့်က မွန်ပြည်သစ်ပါတီ အလုပ်အမှုဆောင် နိုင်ဝင်းလှက ဧရာဝတီကို ပြောသည်။
၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စ၍ ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ ၂၀၁၅ အထိ ၎င်းပါတီများ ပေါင်းစည်းရေး အတွက် ပေါင်းစည်းရေး ညှိနှိုင်း ကော်မရှင် တရပ် ဖွဲ့စည်း ခဲ့ကာ ၂၃ လ ကြာ အချိန်ယူ၍ ပေါင်းစည်းရေး အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် ခဲ့သော်လည်း ယနေ့ထက်တိုင် မပေါင်းစည်း နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ၌ နိုင်ငံရေး ပါတီ အမှတ် မှတ်ပုံတင်ထားပြီး ဖြစ်သည့် မွန်အမျိုးသား ပါတီ (MNP), မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) နှင့် အမျိုးသမီးပါတီ (မွန်) ဟူ၍ မွန်နိုင်ငံရေး ပါတီ ၃ ခု ရှိကာ ၎င်းပါတီများ တပါတီတည်း ဖြစ်စေရန် ပေါင်းစည်း နိုင်ရေး အတွက် မွန်ပြည်သူလူထုများ၊ သြဇာ တိက္ကမ ရှိသော မွန်သံဃာတော် များက လိုလား နေကြ သော်လည်း ပေါင်းစည်းရေးမှာ လက်တွေ့ အကောင်အထည် မပေါ်သေးပါ။