၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရန်နှင့် အသစ်ပြန်လည် ရေးဆွဲပေးရန်အတွက် နိုင်ငံတော်ကို နိုင်ငံရေး အဖွဲ့ ၅ ခု က နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း ၁၉၉၀ ခုနှစ် ရွေးကောက်ခံကိုယ်စားလှယ် များအဖွဲ့မှ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောသည် ။
အဆိုပါ နိုင်ငံရေးအဖွဲ့ ၅ ဖွဲ့မှာ ၁၉၉၀ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO)၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂအဖွဲ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖော်ထုတ်မှု ကော်မတီနှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးမှ တဆင့် တရားစွဲဆိုမှုများ ဆောင်ရွက်မည်ဟု သိရသည်။
ဦးဒေးဗစ်လှမြင့်က “နေပြည်တော်မှာ တရားစွဲဖို့ စီစဉ်တာက ဒီကိစ္စကို ဆောင်ရွက်တာ အခြားနေရာထက်ပိုပြီး အံဝင်ခွင်ကျဖြစ်မယ်လို့ ယူဆလို့ပါ။ ဒါကြောင့် နေပြည်တော်တရားရုံး၊ နေပြည်တော်ကောင်စီရှိတဲ့နေရာကို တရားလာစွဲမှာပါ။ တရားမကြောင်း အရ တရားစွဲဆိုသွားမှာပါ။ တရားရုံးက လက်ခံမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ အချက်အလက်တွေက ပယ်ဖျက်လောက်အောင် မမှန်မကန်တဲ့ အချက်အလက် ဘာမှမရှိဘူး” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ရှေ့ကို မရောက်သကဲ့သို့ ဖြစ်နေ၍ ၎င်းတို့ ဆက်လက် မဆောင်ရွက်နိုင်သေးသည့် ကိစ္စကို နိုင်ငံရေး အဖွဲ့အစည်း ၅ ခုက တဖက်လမ်းမှ ကူညီဆောင်ရွက်ခြင်း ဖြစ်ပြီး ယမန်နေ့က တရားရုံးသို့ လာရောက်ခဲ့သော်လည်း ရှေ့နေဖြစ်သူက ကျန်းမာရေး မကောင်းမွန် သဖြင့် အောင်မြင်ခဲ့ခြင်းမရှိပဲ နောက်တကြိမ် ထပ်မံ ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ တရားစွဲဆိုတာက အချက်အလက် ခိုင်ခိုင်လုံလုံ ကိုင်တွယ်ပြီး တရားစွဲတာ။ စွဲရတဲ့ အကြောင်းအရင်း ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတုန်းက ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေနဲ့ နောက်တခုက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ရလာတဲ့ ကိန်းဂဏန်းတွေနဲ့ အဲဒီ နှစ်ခုက ကွဲလွဲနေတယ်” ဟု ဦးဒေးဗစ်လှမြင့် က ပြောသည်။
၎င်းက “တဖက်က ၂၀၀၈ အခြေခံဥပဒေအတည်ပြုတုန်းက ကျနော်တို့ နိုင်ငံသား လူဦးရေဟာ ၅၇ သန်းလို့ သူတို့ ဖော်ပြ ထားပြီး တော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရကတော့ ၅၁ သန်းဖြစ်နေတယ်။ ကိန်းဂဏန်းအရ ၆ သန်းကျော်လောက် ကွာသွား တယ်။ လူဦးရေတိုးတက်ပေါက်ဖွားမှုအရဆိုရင် လူဦးရေက တိုးတက်လာတာပဲရှိတယ်။ အခုက လူဦးရေက မတိုးတက်ဘဲနဲ့ ၂၀၀၈နဲ့ ၂၀၁၄ ကြားကာလမှာ လူဦးရေက ၆ သန်းလောက်လျော့သွားတယ်” ဟု ဦးဒေးဗစ်လှမြင့်က မီဒီယာများသို့ ပြောသည်။
၎င်းအဖွဲ့ ၅ ဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ရေးဆွဲရန် ပြောဆိုနေသော်လည်း လူဦးရေ ကိန်းဂဏန်းကွာဟသည့် အချက် ၁ ချက်ကိုသာ ဦးတည်ပြောနေကာ ဥပဒေကို ဖျက်သိမ်းသင့်သည့် အခြား အဓိက ကျသည်ဟု ယူဆရမည့် အချက်အလက်များကို ဝေဖန်သုံးသပ်ခြင်း၊ ထောက်ပြနိုင်ခြင်း မရှိပါ။
လက်ရှိအစိုးရအဖွဲ့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံထားခြင်း မရှိသည့်အပြင် ပြင်ဆင်ရန် အတွက် ကြိုးစားခဲ့ဖူးသောကြောင့် ယခုကဲ့သို့ တရားစွဲဆိုမည်ဆိုပါက လက်ရှိ အစိုးရအဖွဲ့ကို အကျပ်အတည်း ဖြစ်စေမည်မဟုတ်ဟု အဆိုပါ နိုင်ငံရေးအဖွဲ့များက သုံးသပ်သည်။
ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၏ ဥက္ကဌ ဖြစ်သူ ဒေါ်နော်အုန်းလှကလည်း “တိုင်းပြည်မှာ အဓိက အကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှားယွင်းနေတာ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ နိုင်ငံအတွက်လည်း မကောင်းဘူး။ ဒါကြောင့် နိုင်ငံသားတဦးရဲ့ တာဝန်အရ ဖြေရှင်းပေးခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။