ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီသည် မကြာသေးမီက အကြမ်းဖက်မှု မြင့်မား နေချိန်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည်။
ကုလသမဂ္ဂ အရာရှိများသည် တနင်္လာနေ့က မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရစန်းလွင် နှင့် တွေ့ဆုံခဲ့ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး အတွင်း မီးရှို့ခံရသော ရွာများသို့ သွားရောက်ခဲ့သည်။ ထို ကိုယ်စားလှယ် အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝန်ကြီး အများအပြား နှင့့် တွေ့ဆုံရန် ဇူလိုင် ၅ ရက် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်သည်။
ကုလသမဂ္ဂ ကိုယ်စားလှယ် ၆ ဦးတို့သည် စစ်တွေသို့ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်၊ တနင်္ဂနွေနေ့က ရောက်ရှိပြီး နေ့လယ်ပိုင်း တွင် ပြည်တွင်း နေရပ်စွန့်ခွာရသူများ၏ စခန်းများကို လေ့လာခဲ့သည်။
ဂရန်ဒီကို သောကြာနေ့က တွေ့ဆုံခဲ့သူ ဒပိုင် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများ စခန်းမှ ဦးစောလွင်က စခန်းမှ လူများသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ခရီးစဉ်ကို မသိခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။ ဂရန်ဒီကမူ ကိုယ်စားလှယ်များသည် ဒုက္ခသည်များ၏ မြေပြင် အခြေအနေကို မေးမြန်းရန် ရည်ရွယ်သည် ဟု ဒုက္ခသည်များကို ပြောသည်။
ရွှေ့ပြောင်းအခြေချ စခန်းတွင် ၅ နှစ် နီးပါး နေထိုင်ပြီးနောက် အခြေအနေများကို စိတ်ပျက်ကြောင်း၊ ၂၀၁၂ ခုနှစ်က အသိုင်းအဝန်းများ ကြား ပဋိပက္ခတွင် ဖျက်ဆီးခံခဲ့ရသော သူတို့၏ ပိုင်ဆိုင်မှုများ အတွက် လျှော်ကြေး မျှော်လင့်နေဆဲ ဖြစ်ကြောင်း ဂရန်ဒီကို ပြောခဲ့ကြောင်း ဟု ဦးစောလွင်က ပြောသည်။ ၎င်းတို့က ခရီးသွားလာရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများ ကင်းမဲ့နေကြောင်းလည်း ကုလသမဂ္ဂကို ပြောခဲ့ကြသည်။
ဇွန်လကုန်က မြန်မာအစိုးရ အရာရှိများသည် နေပြည်တော်တွင် ရခိုင်အရေး အထူး အစည်းအဝေး ကျင်းပခဲ့သည်။ အမျိုးသားလုံခြုံရေး အကြံပေးက ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်နှင့် ပတ်သက်သော အကြံပြုချက်များ တင်ပြပြီး ကြည်းတပ် အကြီးအကဲ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထိုဒေသအတွင်း မကြာသေးမီက အကြမ်းဖက်မှုများနှင့် လုံခြုံရေး အစီအမံများကို တင်ပြခဲ့သည် ဟု ဆိုသည်။
ထိုဒေသမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းမည့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်ခံရန် ပြည်တွင်းပြည်ပ တောင်းဆိုမှုများ ရှိသော်လည်း တောင်းဆိုချက်များမှာ အကြိမ်ကြိမ် ပယ်ချခံရသည်။ အစိုးကမူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ခေါင်းဆောင်သည့် အကြံပေးအဖွဲ့နှင့် ပြည်တွင်း စုံစမ်းစစ်ဆေးမှုများသည် လုံလောက်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းသည် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကို ခွင့်ပြုရန် ဖိအားပေးခြင်းကို တုံ့ပြန်ခြင်း ဟုတ်/မဟုတ် ဧရာဝတီ၏ မေးမြန်းချက်ကို အစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးက “ကျနော့်ကိုလည်း အသေးစိတ် ဘာမှ မပြောလို့ သူတို့သွားတာ ဆွေးနွေးတာတွေကို ကျနော်လည်း ရှင်းမပြနိုင်ဘူး။ UNHCR ဝန်ထမ်းတွေကိုပဲ မေးပါ” ဟု ပြောသည်။
ဇူလိုင် ၁ ရက်နေ့တွင် နိုင်ငံတော် အတိုုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း ၏ မကြာသေးမီက ထိုဒေသအတွင်း အကြမ်းဖက်မှု တိုးပွားလာသည့် အချက်ကို မီးမောင်ထိုးပြသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အချျို့မှာ မြန်မာစစ်တပ်နှင့် စစ်သွေးကြွဟု သံသယရှိသူများ အကြား ပဋိပက္ခမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာမှ စ၍ ၂၀၁၇ ခုနှစ် ဇွန်လအထိ မောင်တောခရိုင်အတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရပြီး ၂၂ ဦးသည် ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရပြီး ဖမ်းဆီးမှုနှင့် သတ်ဖြတ်ခံရသူ အများစုသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သော ကျေးရွာအုပ်ချုပ်ရေး အရာရှိများ ဖြစ်သည်ဟု ကြေညာချက် အရ သိရသည်။
“မကြာသေးမီ ရက်ပိုင်းအတွင်း သတ်ဖြတ်မှုနှင့် ပျောက်ဆုံးမှုများ စိုးရိမ်ဖွယ် တိုးပွားလာသည်။ လွန်ခဲ့သော သီတင်း ၂ ပတ် အတွင်းမှာပင် ရွာသား ၆ ဦး အသတ်ခံရပြီး ၂ ဦး ပျောက်နေသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဇူလိုင်လ ၁ ရက်နေ့က လူသားချင်းစာနာမှု အကူအညီ ဖြန့်ဝေပေးနေသူ တဦး သူ၏ နေအိမ်တွင် အသတ်ခံရသည်။ ယင်း အသတ်ခံရမှုနှင့် ပတ်သက်၍ ထိုကြေညာချက်တွင် အခြားအသေးစိတ်များကို ဖေါ်ပြထားခြင်း မရှိပေ။
အစိုးရသည် လွန်ခဲ့သောနှစ်က လူသားချင်းစာနာမှု အကူအညီ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၆ သန်းကျော်ကို ရခိုင်ပြည်နယ် အတွက် ပေးခဲ့သည်။ ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲရှိ ပြည်တွင်း နေရပ်စွန့်ခွာ စခန်း ၃ ခုကို ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်၏ အကြံပြုချက် အရ ပိတ်ခဲ့ပြီး မိသားစု ၅၅ စုကို ရန်ကုန်တွင် ပြန်လည် နေရာချထားခဲ့သည်။
ဂရန်ဒီ၏ ခရီးစဉ်ကို ဇူလိုင်လ ၆ ရက်နေ့ အထိ စီစဉ်ထားသည်။ သူသည် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှမှ ဒုက္ခသည်နှင့် နိုင်ငံရေးရာ အတွက် လုပ်ဆောင်ခဲ့သည်။ သူသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မဟာမင်းကြီး အဖြစ် ခန့်အပ် ခံရချိန်မှ စ၍ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်ခြင်းဖြစ်သည်။