ရွှေတိဂုံစေတီတော်ကြီးသို့ လာရောက်လှူဒါန်းကြရာမှ ရရှိလာသည့် အလှူဘဏ္ဍာငွေများကို ငွေတိုက်စာချုပ်များ ဝယ်ယူထားရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ပြောသည်။
ရွှေတိဂုံစေတီတော်ကြီး၏ လက်ရှိအလှူဘဏ္ဍာငွေကျပ် ၆၀ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၄၉ သိန်းကျော် ရရှိထားပြီး မြန်မာ့စီးပွားရေးဘဏ်၌ အပ်နှံထားရာတွင် ဘဏ်က နှစ်စဉ်အတိုးပေးရန် အခက်အခဲရှိလာ၍ ငွေတိုက်စာချုပ် ဝယ်ယူထားကြောင်း ၎င်းကပြောသည်။
“ရွှေတိဂုံဘုရားကြီးရဲ့ အလှူငွေတွေကို ဘဏ်က လစဉ်အတိုးပေးဖို့ အခက်အခဲ ရှိလာတယ်။ အဲဒီတော့ ၁၂ နှစ် ငွေတိုက်စာချုပ်တွေ ဝယ်ထားလိုက်တယ်။ ၁၂ နှစ်ကြာမှ အတိုးရောအရင်းရော ရမှာပါ” ဟု ဇူလိုင် ၃ ရက်က ကမ္ဘာအေးကုန်းမြေတွင် ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေး အပြီးတွင် ဝန်ကြီးသူရဦးအောင်ကိုက မီဒီယာများကို ပြောသည်။
ရွှေတိဂုံစေတီတော်ကြီး၏ ဘဏ္ဍာရန်ပုံငွေမှာ ၂၀၁၆ ခုနှစ်အထိ ငွေကျပ် ၅၈ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၄၈ သိန်းကျော်ရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ငွေကျပ် ၂ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁ သိန်းကျော် တိုးတက်ရရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။
အလားတူ ကျိုက်ထီးရိုးစေတီတော်၏ ဘဏ္ဍာရန်ပုံငွေသည်လည်း ၂၀၁၅-၂၀၁၆ ပွဲတော်ရာသီအထိ ငွေကျပ် ၁.၆ ဘီလီယံ ရှိခဲ့ကြောင်းနှင့် လက်ရှိ ၂၀၁၆-၂၀၁၇ ပွဲတော်ရာသီတွင် ကျပ် ၅.၁၇ ဘီလီယံအထိ ရရှိခဲ့သည့်အတွက် ၁ နှစ်အတွင်း ကျပ် ၃.၅၇ ဘီလီယံ တိုးတက်ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်အလိုက် ကျိုက်ထီးရိုးစေတီတော်၏ အလှူငွေ အရပ်ရပ်နှိုင်းယှဉ်ချက်တွင် တောင်တော်ဖွင့်ပွဲတွင် ယခင်က ကျပ် ၁၂၇ သိန်းသာ ရရှိခဲ့ပြီး၊ ယခုနှစ်တွင် ၈၄၄ သိန်း ရရှိခဲ့ကြောင်းနှင့် အလှူခံပုံးများမှ ယခင်တနှစ်စာအတွက် ၄၁၁ သိန်း ရရှိရာမှ ယခုနှစ် ၈ လ အတွင်း ကျပ် ၄,၉၆၃ သိန်းအထိ ရရှိထားကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။
ကျိုက်ထီးရိုးစေတီတော်၏ ရွှေဆိုင်းလုပ်ငန်းတွင်လည်း ယခင်တနှစ်စာအတွက် ၆၃၈ သိန်း သာရရှိရာမှ ယခု ၈ လအတွင်း ၈,၉၇၇ သိန်း ရရှိထားပြီး၊ ဆည်းလည်းလုပ်ငန်းတွင် ယခင်တနှစ်စာ ၁၆၇ သိန်း ရရှိရာမှ ယခု ၈ လ အတွင်း၌ ၁,၂၉၉ သိန်း ရရှိထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အစိုးရသစ်တက်လာပြီး ၂၀၁၆ ခုနှစ်မှစတင်၍ သာသနာရေးဝန်ကြီးဌာနက တန်ခိုးကြီးဘုရားများ၏ ဂေါပကအဖွဲ့ကို အစားထိုး ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် ဘုရားကြီးများနှင့် ဆက်စပ်သည့် ကန်ထရိုက်လုပ်ငန်း ချထားပေးမှုများကိုလည်း စိစစ်ကြပ်မတ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ မူဝါဒနှင့် ဗုဒ္ဓသာသနာ အခြေခံစည်းမျဉ်းများအရ ဘုရားစေတီများ၏ အလှူဘဏ္ဍာငွေများကို အခြားသော နေရာများတွင် သုံးစွဲခွင့်မရှိဘဲ ဆက်စပ်လုပ်ငန်းများဖြစ်သည့် ကားပါကင်ကြေး၊ ဖိနပ်အပ်လုပ်ငန်း စသည်တို့မှ ရရှိလာသည့် ငွေများကိုသာ သြဝါဒစရိယဆရာတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ဘုရားကြီးနှင့် သက်ဆိုင်သော လုပ်ငန်းများ၌သာ သုံးစွဲနိုင်ကြောင်း သူရဦးအောင်ကိုက ပြောသည်။
သူရဦးအောင်ကိုက “ရွှေတိဂုံဘုရားကြီးကို လှူတဲ့ငွေက မီးအတွက်ဆို မီးပဲသုံးရမယ်။ ရွှေသင်္ကန်းအတွက် ရွှေသင်္ကန်းပဲ သုံးရမယ်။ တခြားလမ်းဖောက်တာ၊ တံတားဆောက်ပေးတာ ဘာမှသုံးလို့မရဘူး” ဟု ပြောသည်။
ရွှေတိဂုံစေတီတော်ကြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် သာသနာရေးဝန်ကြီးဦးဆောင်သည့် ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး လာမည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည် ဖြစ်သည်။ အလားတူ ရခိုင်ပြည်နယ်ရှိ မြောက်ဦးဘုရားကိုလည်း ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။