အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သည် အစိုးရအရာရှိများအပါအဝင် ပါတီတွင်းမှ အကျင့်ပျက်ဝန်ထမ်းများ၊ တာဝန်မကျေသူများကို အရေးယူသွားမည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ပြောသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က မန္တလေးမြို့၌ အစိုးရအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီဝင်များနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ပြီး၊ သူတို့အနေဖြင့် တိုင်စာများရရှိထား ကြောင်းလည်း ပြောသည်။
“အများပြည်သူ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့ အစိုးရအရာရှိတွေကိုရော ပါတီဝင်တွေကိုရော ပထမသတိပေးပြီး သူတို့လုပ်ဆောင်မှုတွေကို ပါတီက ၁နှစ်စောင့်ကြည့်မယ်”ဟု ၎င်းကပြောသည်။
ထို ၁နှစ်အတွင်း လိုအပ်ချက်များကို ပြည့်မီအောင် မလုပ်ဆောင်နိုင်ပါက ရာထူးက ဖယ်ရှားခြင်းအထိ အရေးယူမည်ဟု သူကဆိုသည်။
“ဒါဟာ နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် ဒီလိုလုပ်တာပါ”ဟု ဦးဝင်းထိန်က အကြောင်းပြသည်။
မကြာသေးမီ နှစ်များအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီကျင့်ဝတ်ဖောက်ဖျက်သော ပါတီဝင်များနှင့် လူမှုရေးကိစ္စရပ်များအတွက် တိုင်တောခံရသူ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ဖူးသည်။
အစိုးရ၊ လွှတ်တော်နှင့် ပါတီတို့အကြား ပူးပေါင်းဆောင်ရွက်မှု ချိန်ခွင်လျှာညီရန် အတွက် ယခုကဲသို့ လုပ်ဆောင်သည်မှာ ကောင်းမွန်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် အစိုးရ ကိစ္စများတွင် တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုပြုသည့် ပုံစံဖြစ်သွားပါက မသင့်တော်ကြောင်း၊ ပါတီ အနေဖြင့် အစိုးရအဖွဲ့ကို ပြုပြင်ဝေဖန်လိုပါက လွှတ်တော်မှ တဆင့်သွားရမည်ဖြစ်ကြောင်း နိုင်ငံရေး သုတေသီ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
အကျင့်ပျက်ခြစားမှုကို NLD က တိုက်ဖျက်ရန် ကြိုးစားမှုနှင့် အကျင့်ပျက် လာဘ်စားသူကို အရေးယူ ရန် လုပ်ဆောင်ခြင်းသည် ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ သို့သော် အစိုးရအဖွဲ့ဝင်ဖြစ် နေသူ ပါတီဝင်များကို အရေးယူရန် ကြိုးစားပြင်ဆင်ရာတွင် “ပါတီတခုက အစိုးရကို တိုက်ရိုက်ထိန်း ချုပ်ရန် ကြိုးစားလျှင် အငြင်းပွားမှုဖြစ်လာနိုင်ကြောင်း သူက ဆက်ပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ဇာနည်မာန်ရေးသားသည့် NLD to Move Against Corrupt, Underperforming Govt Officials ကို ဘာသာပြန်ဆိုသည်။