ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးနေမှုကြောင့် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၄,၀၀၀ ကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေက ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် အထောက်အထားမဲ့ နေထိုင်သူများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင် နိုင်ရေးအတွက် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“တရားမဝင် အထောက်အထားမဲ့ဖြစ်နေတဲ့ အလုပ်သမားတွေအတွက်ကို အထောက်အထားထုတ်ပေးဖို့ ၂ နိုင်ငံ ညှိနှိုင်းနေတယ်။ ညှိုနှိုင်းမှုတွေတော့ မပြီးသေးဘူး။ တဖက်ကလည်းပဲ စနစ်တကျဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်။ အလုပ်သမားတွေဘက်က ကြားပွဲစားတွေကို မယုံဘဲနဲ့ စနစ်တကျ တာဝန်ရှိအေဂျင်စီတွေနဲ့ ဟိုဘက်ကအလုပ်ခေါ်တဲ့ အမှာစာရောက်မှပဲ သွားဖို့လိုပါတယ်” ဟု ဝန်ကြီးဦးသိန်းဆွေက ဆိုသည်။
နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်သည့် ထိုင်း၊ မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများအရေး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းမှုကြောင့် တရားမဝင်မြန်မာလုပ်သား ဖမ်းဆီးနေမှုများကို ၂၀၁၇ ခုနှစ်အတွင်း ထပ်မံမပြုလုပ်တော့ကြောင်းနှင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးချုပ်နှောင် ထားမည်မဟုတ်ဘဲ ပြန်လည်လွှဲပြောင်းပေးမည်ဟု ထိုင်းအစိုးရက ကတိပေးထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား ၅ သန်းနီးပါး ရှိမည်ဟု မြန်မာအစိုးရက ခန့်မှန်းထားပြီး ၎င်းတို့ထဲတွင် တရားဝင် သွားရောက်နေထိုင်သူများနှင့် မြန်မာအစိုးရက အထောက်အထားလက်မှတ်ထုတ်ပေးထားသူ ၂ သန်း ၂ သိန်းနီးပါး ရှိကြောင်း သိရသည်။
အလားတူ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သား ၅ သိန်း နီးပါးရှိပြီး၊ တရားဝင်သွားရောက်လုပ်ကိုင်သူ ၂ သိန်းနီးပါး ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ထုတ်ပြန်ခဲ့သည့် ပြည်ပအလုပ်သမားဆိုင်ရာ ဥပဒေသစ်ဖြင့် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ဆက်တိုက်ဖမ်းဆီးလာသဖြင့် မြန်မာအလုပ်သမားများ အစုလိုက်အပြုံလိုက် ထိုင်း- မြန်မာ နယ်စပ်ဂိတ်များမှတဆင့် ပြန်လာကြသည်။
ထိုအလုပ်သမားဥပဒေသစ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လာရောက်အလုပ်နေသည့် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးအရေးယူနိုင်ပြီး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း အတည်ပြုထားသဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် မြန်မာ၊လာအိုနှင့် ကမ္ဘာဒီးယားနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်းခံနေရသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများစွာ အဖမ်းခံနေရသဖြင့် ထိုင်းအစိုးရကို မြန်မာအစိုးရက မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုင်းနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးမှုကို ရက်ပေါင်း ၁၂ဝ ဆိုင်းငံ့မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးတင့်က “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းသံအမတ်ကြီးကို အထူးမေတ္တာရပ်ခံခဲ့ပါတယ်။ ဒီကိစ္စကို ဆက်လက်စဉ်းစားပြီး ဆောင်ရွက်ပေးဖို့နဲ့ သက်ဆိုင်ရာ အဆင့်မြင့်တာဝန်ခံဆီကို သတင်းပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တာပါ။ အဲဒီညနေမှာပဲ ထိုင်းနိုင်ငံဘက်ကနေပြီး ပြန်လည်ဖြေလျှော့မှုတွေ လုပ်ပေးခဲ့ပါတယ်” ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်း-မြန်မာ နယ်စပ်ဂိတ်ပေါက်အသီးသီးမှ ပြည်တွင်းသို့ ဆက်တိုက် ပြန်လာလျက်ရှိပြီး ၎င်းတို့ကို တပ်မတော်၊ ကရင်ပြည်နယ်အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက ကြိုဆိုကြပြီး၊ ပြန်လည် ပို့ဆောင်ပေးမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
ဝန်ကြီးဦးသိန်းဆွေက“ ရွှေ့ပြောင်းလုပ်သားနဲ့ ပတ်သက်ပြီး သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ ပေါ်လစီက ကိုယ့်နိုင်ငံသားတွေ တရားဝင်လုပ်သားဖြစ်စေ၊ တရားမဝင်လုပ်သားဖြစ်စေ နိုင်ငံတော်အနေနဲ့ အတတ်နိုင်ဆုံး စောင့်ရှောက်ရမယ်၊ အကာအကွယ်ပေးရမယ်။ ဒါကို သက်ဆိုင်ရာသံရုံးတွေအထိ ထုတ်ပြန်ထားပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံနည်းတူ မလေးရှားနိုင်ငံတွင်လည်း မြန်မာလုပ်သားများ အဖမ်းခံနေရကြောင်း အလုပ်သမားသံအရာရှိက အကြောင်းကြားလာသဖြင့် အစိုးရက ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေရကြောင်း ဦးမျိုးတင့်က ပြောဆိုသည်။
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ တိုင်တန်းလာသည့် အလုပ်သမားဆိုင်ရာ အမှုပေါင်း ၅၆ မှုတွင် ၅၅ မှုကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်းနှင့် မလေးရှားရောက် မြန်မာများအသတ်ခံရသည့် ကိစ္စများကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ဦးညဏ်နိုင်ရဲက “လောလောဆယ် စီမံချက်နဲ့ ဖမ်းနေလို့ အမှန်သမားတွေလည်း ခေါ်ရင်လိုက်သွား၊ စခန်းကျမှရှင်းပဲ။ လုံခြုံမှု မရှိဘူး။ အားလုံး သတိနဲ့နေ တချို့က အလုပ်မလုပ်ဘဲ တိမ်းရှောင်နေကြတယ်။ Overstay ကလည်း အများကြီး သိန်းချီတယ်လေ။ သူတို့အားလုံး ကျီးလန့်စာစား ဘဝတွေပေါ့၊ သူတို့အဆင်ပြေဖို့က အလုပ်အကိုင်နဲ့ သူဌေးပေါ်လည်း မူတည်တယ်” ဟု ပြောသည်။
(ဖေသက်ထက်ခင် ပူးပေါင်းရေးသားသည်)