ဧရာဝတီလင်းပိုင် အပါအဝင် ငါးမျိုးစိတ်များ ပြုန်းတီးစေနိုင်သည့် အုပ်စုဖွဲ့ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇူလိုင် ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မြင်းခြံမြို့နယ် တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်အေးက “ ဧရာဝတီမြစ်ရိုးတလျှောက် ဥပဒေမဲ့ အုပ်စုဖွဲ့ ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကို စစ်ဆေးရေး အသွင်ဖြင့် အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း မေးမြန်းခဲ့သည်။
မေးမြန်းမှုအပေါ် မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်းက မန္တလေးတိုင်း ရေချိုငါးလုပ်ငန်း ဥပဒေအခန်း ၂ ပါ ရည်ရွယ်ချက်နှင့်အညီ ငါးမျိုးစိတ် ပြုန်းတီးမှုကို ကာကွယ် တားဆီးရန်၊ ငါးလုပ်ငန်းများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းတို့ကို ငါး လုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်အလိုက် ရေကြောင်းရဲတပ်ဖွဲ့နှင့် ပုံမှန် စစ်ဆေး အရေးယူခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
သဘာဝစိမ်း အရပ်ဘက် လူ့အဖွဲ့အစည်း၏ ဦးဆောင်သူ ဦးမောင်မောင်ဦးက “ထိရောက်တဲ့ ဖမ်းဆီး အရေးယူခြင်း တွေ မရှိတော့ အခုဆို ဧရာဝတီမြစ်ထဲမှာ လင်းပိုင်လို ရှားပါးမျိုးစိတ်တွေ အပါအဝင် ငါးသယံဇာတက တအား လျော့ကျသွားပြီ” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးမြို့ အခြေစိုက် သဘာဝစိမ်း အရပ်ဘက် လူ့အဖွဲ့ အစည်းသည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဧရာဝတီမြစ် အတွင်းရှိ ရေနေ သတ္တဝါများကို လေ့လာ သုတေသန ပြုနေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
မန္တလေးတိုင်း ငါးလုပ်ငန်း ဦးစီးဌာနက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တရားမဝင် ငါးဖမ်းဆီးခြင်းမှ ဖမ်းဆီးမှု ၃၆ ကြိမ်၊ တရားစွဲဆိုမှု ၉ ကြိမ် ရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဧပြီမှ ဇွန်လအထိ ဖမ်းဆီးမှု ၅ ကြိမ်၊ တရားစွဲဆိုမှု တကြိမ်နှင့် ဆက်စပ်ပစ္စည်းတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြင်းခြံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်အေးက “အခုလို ငါးဥချတဲ့ အချိန်တွေမှာ ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းတဲ့အတွက် ငါးရစ် ငါးသန်စတဲ့ ငါးမျိုးစိတ်တွေ ပြုန်းတီးစေသလို ဧရာဝတီ လင်းပိုင်တွေကိုလည်း သေစေပါတယ်။ ငါးဖမ်းတဲ့သူတွေက လှေပေါ်မှာ တုတ်၊ ဓား လက်နက်တွေ ကိုင်ဆောင်ထားတာကြောင့် ရေလုပ်သား အင်းသူကြီးတွေကလည်း ထိပ်တိုက် မဟန့်တားရဲတဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု ပြောသည်။
ယခုလို မိုးရာသီကာလ ဇူလိုင်၊ သြဂုတ်လမှလွဲ၍ ကျန်သည့်လများတွင် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးခြင်းကို အုပ်စုဖွဲ့ ပြုလုပ်ကြပြီး လျှပ်စစ်ဗို့အား မြင့်သည့် တရုတ်နိုင်ငံထုတ် AC ဒိုင်နမိုဖြင့် ရေထဲက ငါးများကို တိုက်ရိုက် ရှော့ခ်တိုက် ငါးဖမ်းခြင်းဖြစ်ရာ ရေနေသတ္တဝါများသာမက လူများအတွက်လည်း အန္တရာယ်ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
ရေချိုငါးလုပ်ငန်း ဥပဒေ အခန်း ၁၂၊ ပုဒ်မ ၃၄ အရ ဘက်ထရီ ရှော့ခ်တိုက်ငါးဖမ်းခြင်းကို တားမြစ်ထားပြီး ကျူးလွန် ပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၂ သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားသည်။
မန္တလေးလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာတွင် လင်းပိုင်အရေအတွက် ၆၀ ကျော်ရှိ၍ ယခုနှစ်ဆန်းပိုင်း အတွင်း လင်းပိုင် ၂ ကောင် သေဆုံးခဲ့ရာ ဧရာဝတီလင်းပိုင်များ သေဆုံးရခြင်း အကြောင်းရင်း၏ ၇၀ ရာခိုင်နှုန်း ခန့် သည် ရှော့ခ်တိုက် ငါးဖမ်းခြင်းကြောင့် ဖြစ်သည်ဟု လင်းပိုင်လေ့လာရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ခံ (ငါးလုပ်ငန်း) မှ ဒုဦးစီးမှုး ဦးဟန်ဝင်းက ပြောသည်။
တရားမဝင် ရှော့ခ်တိုက် ငါးဖမ်းရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ရောင်းချသည့် ဆိုင်များကို အသိပေး တားမြစ်ခြင်း၊ ရေကြောင်း ရဲတပ်ဖွဲ့များတွင် လုံလောက်သည့် တပ်ဖွဲ့အင်အား ချထားပေးခြင်း၊ တရားမဝင် ငါးဖမ်းခြင်း များ တွေ့ရှိပါက ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းတို့အပြင် လင်းပိုင် အပါအဝင် ရှားပါး ငါးမျိုးစိတ်များ ပြုန်းတီးခြင်းမှ ကာကွယ်နိုင်မည့် ရေရှည်စီမံချက်များ ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးမောင်မောင်ဦးက သုံးသပ် ပြောကြားသည်။မြတ်ပြည့်ဖြိုး