တပ်မတော်စခန်းတခု၌ ထိန်းသိမ်းခံနေရစဉ် သေဆုံးသွားခဲ့သူ အလွတ်တန်း သတင်းထောက် ကိုပါကြီးအား သတ်ဖြတ်၊ အလောင်းဖျောက်ခံရမှုကို ရဲစခန်းက အမှုပိတ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေအရ ဆက်လက် အရေးယူပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုင်ကြားချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဧပြီလက ပလပ်လိုက်သည် ဟု ဒေါ်သန္တာက ပြောပြသည်။
အမှု ဆက်လက် စစ်ဆေးရေးနှင့် ပတ်သက်သည့် အာဏာပေး စာချွန်တော်အမိန့်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ တင်သွင်းပြီး ၈ လ အကြာတွင် ယင်းသို့ ပလပ်ခံရခြင်း ဖြစ်သည် ဟု ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ပြောသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း နိုင်ငံသားများရဲ့ မူလအခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ ကျမ ယောက်ျားက ဥပဒေရဲ့ အကာအကွယ်ကိုလည်း မရခဲ့ပါဘူး” ဟု ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ မူလအခွင့်အရေး ကော်မတီဝင် ဒေါ်သန္တာက ပြောသည်။
ဦးအောင်ကျော်နိုင် ခေါ် ကိုပါကြီး သည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက စတင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ နောက်ပိုင်း တပ်မတော်က သတင်းထုတ်ပြန်ရာ ၌ စခန်းတခုတွင် ကိုပါကြီးအား ထိန်းသိမ်း ထားစဉ် အစောင့်တပ်သား၏ သေနတ်ကို လုယူရန် ကြိုးစားသောကြောင့် ပစ်ခတ်မိခြင်း ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလောင်းဖော်ယူ စစ်ဆေးသည့် ကျိုက်မရော ရဲစခန်းက ထိုအမှုကို “မှားယွင်းမှု” ဟု ဆိုကာ အမှုပိတ်သိမ်း ခဲ့သည်မှာ ၁ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။
ကိုပါကြီး ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးရောဘတ်စန်းအောင် က အမှုပိတ်သိမ်းခံရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အငြင်းပွားမှု ဖြစ်လာသည် ဟု ဆိုသည်။
“တပ်မတော် အက် ဥပဒေအရ ဆိုရင် အရပ်ဘက် တရားရုံးမှာ စစ်ရမယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင် တပ်မတော်ကပဲ ဒါကို စစ်ဆေးမယ်။ အဲဒါက (အဲဒီ အချက်က ရှေ့နောက်) မကိုက်ညီဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
တပ်မတော် အက် ဥပဒေပုဒ်မ ၇၂ တွင် စစ်ပွဲဖြစ်ပွားနေချိန်၊ မြန်မာနိုင်ငံပြင်ပ၊ သမ္မတက အမိန့်ကြော်ငြာစာ ထုတ်၍ သီးခြားဖော်ပြထားသည့် စစ်စခန်းစသည့် အချိန်နှင့် နေရာတို့တွင် တပ်မတော်သားက အရပ်သားကို သတ်ဖြတ်မှု ကျူးလွန်ခြင်း မဟုတ်ပါက ထိုပြစ်မှုကို အရပ်ဘက် တရားရုံးကသာ ကိုင်တွယ်စစ်ဆေးစေရမည် ဟု ပြဋ္ဌာန်းထားသည်။
ကိုပါကြီး ထိန်းသိမ်းခံရသည့် နယ်မြေသည် စစ်ဆင်ရေးနယ်မြေ ဖြစ်သည် ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုအမှု ဖြစ်ပြီး မကြာမီ VOA အသံလွှင့်ဌာနကို ပြောသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ထိုအမှုကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် အတွက် နယ်ဘက် တရားရုံးတွင် စစ်ဆေးသင့်သည် ဟု အကြံပြုထားသည်။
မှားယွင်းမှု အဖြစ် ပိတ်သိမ်းခဲ့ခြင်းမှာ ပြည်ထောင်စု ရှေ့နေချုပ်၊ မွန်ပြည်နယ် ဥပဒေရုံးတို့၏ အကြံပြုချက်အတိုင်း ဖြစ်သောကြောင့် လျှောက်ထားချက်ကို ပလပ်လိုက်ခြင်း ဖြစ်သည် ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆိုသည်။
မြန်မာနိုင်ငံ တရားစီရင်ရေးတွင် အမြင့်ဆုံး ဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပလပ်လိုက်ခြင်း ဖြစ်သည့် အတွက် ဤအမှုသည် တရားစီရင်ရေး နယ်ပယ်တွင် အမှုလမ်းဆုံးနေပြီ ဟု ဒေါ်သန္တာက ပြောသည်။
“တပ်မတော် အက် ဥပဒေနဲ့ အခြေခံဥပဒေမှာ ပါတဲ့ နိုင်ငံသားများ မူလအခွင့်အရေးက ရထားတဲ့ အချက်တွေကို ပြန်ယှဉ် ပြီးတော့ လေ့လာနေပါတယ်။ ကွာခြားချက် ရှိနေတယ် ဆိုရင်လည်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြပြီး ပြင်ဆင်နိုင်ဖို့ ကိုလည်း ကြိုးစားနေပါတယ်” ဟု ဒေါ်သန္တာက ပြောသည်။
ရှေ့နေ ဦးရောဘတ်စန်းအောင်က အမှုသည် မိသားစု၏ ဆန္ဒအတိုင်း ဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက် သွားမည် ဟုပြောသည်။
“နိုင်ငံတကာ ရာဇဝတ်တရားရုံးကို ပို့ဖို့ပဲ ရှိတော့တယ်။ အဲဒါက မိသားစုနဲ့ တိုင်ပင်နေတယ်။ သဘောတူညီချက်ရမှ ဒါကို လုပ်ရမှာ။ အထောက်အထားတွေ ကတော့ တရားရုံး မှတ်တမ်းတွေပဲ ပေါ့” ဟု သူက ပြောသည်။