လက်ရှိအသုံးပြုနေသည့် ဥပဒေများက တရားမျှတမှု၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့ဖြင့် မကိုက်ညီပါက ထိုဥပဒေများ ပြင်ဆင်ရေးကို ဥပဒေပြုရေးကတဆင့် လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“လက်ရှိရှိနေတဲ့ ဥပဒေတွေဟာ တရားမျှတရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ မကိုက်ညီဘူးဆိုရင် ကျမတို့က ဥပဒေပြုရေးတဆင့် ဥပဒေတွေပြုပြင်ပြောင်းလဲနိုင်ရေးအတွက် တရားဥပဒေ နည်းအတိုင်း လုပ်ဆောင်ရပါမယ်။ ပြီးတော့ ကျမတို့က တရားရုံးတွေရဲ့ သမာဓိရှိမှုကို စိစစ်ရမှာ ဖြစ်ပါတယ်” ၎င်းက ပြောသည်။
ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနက ရှမ်းပြည်နယ်တွင် သတင်းထောက် ၃ ဦးကို တပ်မတော်က ထိန်းသိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါကဲ့သို့ ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က ဥပဒေဆိုင်ရာကိစ္စတွေကို တရားရုံုးမှာ ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး မှတ်ချက်တစုံတရာပေးမှာ မဟုတ်ဘူး။ ဒါကတရားရေးကဏ္ဍက ဆောင်ရွက်ရမှာဖြစ်တယ်။ ဒါပေမယ့် တရားရေးကဏ္ဍက ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ကျမတို့ထင်ရင် ကျမတို့မှာလည်း အုပ်ချုပ်ရေးကဏ္ဍအနေနဲ့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဖို့တာဝန်ရှိပါတယ်။ အဲဒါကြောင့် အခုကိစ္စကိုလည်း သတင်းထောက် ၃ ဦးနဲ့ တပ်မတော်ကြားက ကိစ္စလို့ ကျဉ်းကျဉ်းလေး မမြင်သင့်ပါဘူး” ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းတွင် သတင်းသွားရောက်ယူသည့် ဧရာဝတီနှင့် ဒီဗွီဘီသတင်းဌာနတို့မှ သတင်းထောက် ၃ ဦးကို တပ်မတော်က မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို သီပေါထောင်တွင် ချုပ်နှောင်ထားသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အသုံးပြု၍ တရားစွဲခံရသည့် အမှုပေါင်းမှာ ၂၀၁၇ ခုနှစ်၊ ဇွန်လကုန်အထိ ၇၃ မှု ရှိပြီး NLD အစိုးရလက်ထက်တွင် ထိုပုဒ်မကို အသုံးပြု၍တရားစွဲဆိုမှု ပိုမိုများပြားလာကြောင်းနှင့် ၎င်းတို့ထဲတွင် မီဒီယာများကို ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခဲ့သည့်အမှု ၁၀ မှု ရှိကြောင်း ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားသူများက ပြောသည်။ အလားတူ NLD အစိုးရ လက်ထက်အတွင်း သတင်းသမား ၃ ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုမှုသည်လည်း ပထမဆုံးဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး မစ္စတာဘော့ချ်ဘရန်ဒယ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ၇၅ ရာခိုင်နှုန်း ရောက်နေပြီဖြစ်သော်လည်း ဆက်သွားရဦးမည် ဖြစ်ကြောင်းနှင့် ထိုအထဲမှ ရခိုင်ပြည်နယ်အရေးသည် စိုးရိမ်စရာ အခြေအနေရှိနေကြောင်း ပြောဆိုသည်။
“အဲဒီမှာရှိနေတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ အတူတကွပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိနေပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလည်း လိုအပ်ပါတယ်။ မွတ်ဆလင်အဖွဲ့အစည်းရော ဗုဒ္ဓဘာသာအဖွဲ့အစည်း ၂ ခုစလုံးကလည်း အကျပ်အတည်းတွေကနေ ယုံကြည်မှုနဲ့ ဖောက်ထွက်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
နော်ဝေနိုင်ငံက အထွေထွေကူညီထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း၊ပညာရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် အဓိကကူညီပေးသွားမည်ဟု မစ္စတာဘော့ချ်ဘရန်ဒယ်က ပြောသည်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်အတွင်း ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေး၊ မြန်မာ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ ကိစ္စများနှင့် ကူညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။