သတင်း

ချင်းတွင်းမြစ်ရေ တက်မှုကြောင့် ကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်ပြီး လူ ၁၇၀၀ ခန့် ရွှေ့ပြောင်းရ

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ ဟုမ္မလင်းနှင့် မော်လိုက်မြို့တို့တွင် ရေဘေး ကယ်ဆယ်ရေး စခန်း ၇ ခု ဖွင့်ထားရပြီး လူဦးရေ ၁၇၀၀ ခန့် ရွှေ့ပြောင်းထားရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန မှ သိရသည်။

စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသော စစ်ကိုင်းတိုင်း ဒေသကြီးရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နှင့် မော်လိုက်မြို့ ကျေးရွာ များရှိ ရေဘေးသင့် ဒေသခံပြည်သူများကို ဇူလိုင် ၃ ရက်က စတင်ကာ မြို့ပေါ်သို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဇူလိုင် ၆ ရက်တွင် ဧရာဝတီကို အတည်ပြု ပြောကြားသည်။

“လဆန်းကတည်းကိုက တောက်လျှောက် တက်လာတာ။ လောလောဆယ် စိုးရိမ်ရေမှတ် ၁ ပေလောက်မှာ ရှိတယ်။ ပြီးခဲ့တဲ့ရက်တွေက မိုးတအားရွာတယ်။ ဒီနေ့တော့ နည်းနည်းပါးသွားတယ်။ နေရာတော်တော်များမှာ ရေလွှမ်းနေပြီး ဘာတွေ ပျက်စီးတယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

ခန္တီးမြို့ပေါ်တွင် ရေဘေးကယ်ဆယ်ရေး စခန်း ၃ ခု ဖွင့်ထားပြီး အိမ်ထောင်စုပေါင်း ၂၈၅ စု၊ လူဦးရေ ၁၃၇၃ ဦးကို ရွှေ့ပြောင်းထားသကဲ့သို့ ကျေးရွာများရှိ ရေရောက်ရှိရာ နေအိမ်များကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြောင်း၊ ဟုမ္မလင်းတွင် ကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်ထားပြီး မြေနုကျွန်းပေါ်တွင် ရွာခွဲ တည်ထားသည့်ဒေသမှ လူဦးရေ ၁၁၀ နေထိုင်သော အိမ် ၂၁ လုံးကို ဖျက်ပြီး ရွှေ့ထားရကာ၊ အိမ်ထောင်စု ၇ စုနှင့် လူဦးရေ ၄၈ ဦးကိုလည်း ရေဘေး ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးထားကြောင်း ၎င်းက ပြောဆိုသည်။

ရေဘေးရှောင် မိသားစုများအား ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ကူညီပေးထားသကဲ့သို့ အိမ်ဖျက်ကာ ရွှေ့ပြောင်းထားရ သည့် မိသားစုများကိုလည်း ရွှေ့ပြောင်းစရိတ်များ ထောက်ပံ့ပေးထားကြောင်း၊ ဒေသခံ အသင်းအဖွဲ့များကလည်း ဝိုင်းဝန်း ကူညီလျက်ရှိကြောင်း၊ ရေဘေးကြောင့် အသက်အန္တရာယ် ထိခိုက်မှုများ ယနေ့အထိ မရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ဇူလိုင် ၅ ရက်တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးတွင် ၁ ပေခွဲခန့်၊ ဟုမ္မလင်းတွင် ၂ ပေခန့်၊ ဖောင်းပြင်နှင့် မော်လိုက်မြို့တို့တွင် ပေဝက်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်ခန့်အထိ ဆက်လက် ကျော်လွန်နေနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်တွင် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်၍ ကလေးဝ မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၅ ရက်နေ့က သတိပေး ထုတ်ပြန်ထားသည်။

Loading