၂၀၀၈ ခုနှစ် လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ၇ ကို အပေါင်ထားပြီး တောင်သူ လယ်သမားများအား ချေးငွေ ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ၂၀၀၈ ခုနှစ် လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ၇ ကို အပေါင်ထားပြီး လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု အရင်းအနှီးများ ရရှိစေရန် ချေးငွေများ ထုတ်ချေးမည့် အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ်များ တည်ထောင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဦးစိုးဝင်းက “ ပုံစံ ၇ ကို အပေါင်ထားပြီး ချေးငွေများ ရယူနိုင်ဖို့ လယ်သမားများက အမျှော်လင့်ကြီး မျှော်လင့်နေကြပါ တယ်” ဟု ပြောကြားခဲ့သည်။
မိုးဦးကျ ကာလသည် တောင်သူလယ်သမားများ၏ စားဝတ်နေရေး ကျပ်တည်းသည့် ကာလဖြစ်ကြောင်း၊ ငွေရှင် ကြေးရှင်များထံမှ ပေါက်ဈေးထက် ဈေးလျှော့ပြီး စပါးပေးယူကြရခြင်းနှင့် အချို့လယ်ယာမြေများကို ကျပ် တရာလျှင် ကျပ် တဆယ်မှ ၂၅ကျပ်အထိ အတိုးနှုန်းပေးကာ အပေါင်ထားပြီး ချေးငှား ဆောင်ရွက်နေကြရကြောင်း ၎င်းက တင်ပြခဲ့သည် ။
ပုဗသီရိမြို့နယ် ၊ ညောင်ပင်ကြီးစု ကျေးရွာအတွင်းရှိ စပါးစိုက်တောင်သူ တဦးက “တောင်သူ လယ်သမားတွေ ဘဝကို တကယ်လေ့လာပြီး လွှတ်တော်မှာ ပြောပေးခဲ့တာ ကျေးဇူးတင်ရမှာပဲ ။ မိုးဦးကျကာလဆို လယ်သမားတွေ အကုန်လုံးက ချေးကြ ၊ ငှားကြနဲ့ ပျာယာ ခတ်ကြတာပဲ။ လယ်ဆုံး ၊ နွားဆုံး ဖြစ်ကြတာတွေရှိတယ်။ အတိုးသက်သက်သာသာနဲ့ ချေးပေးမယ်ဆိုရင် ကောင်းတာပေါ့ ။ အခု NLD ခေတ်မှာ ဒီလိုအမတ်မျိုး များများပေါ်လာပါစေပဲ ဆုတောင်းရမှာပဲ” ဟု ဧရာဝတီ သို့ ပြောသည် ။
ယခင် အစိုးရလက်ထက်က စိုက်ပျိုးစရိတ် ချေးငွေများကို လယ်မြေတဧကလျှင် ကျပ်တသိန်း ထုတ်ချေးပေးခဲ့ရာ ယခု အစိုးရလက်ထက်တွင် တသိန်းငါးသောင်းကျပ်ထိ တိုးမြှင့် ထုတ်ချေးပေးခဲ့ခြင်း၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန် ယန်းငွေ သန်းပေါင်း ၁၅၁၃၅ သန်း နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ ထံမှ ကန် ဒေါ်လာ ၅၆ ဒသမ ၈သန်း ချေးယူခြင်းတို့သည် မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်မှုများ ဖြစ်သည်။
အဆိုပါ အစီအစဉ်များမှာ တနိုင်ငံလုံးအတွက် မဟုတ်ဘဲ တိုင်းနှင့်ပြည်နယ် အချို့အတွက်သာ ဖြစ်နေသေးကြောင်းနှင့် မိုးစရိတ်ချေးငွေ တသိန်းငါးသောင်းကျပ်မှာလည်း စိုက်ပျိုး မွေးမြူစရိတ်များအတွက် လောက်ငမှု ရှိသော ငွေကြေးများ မဟုတ်ကြောင်း ဦးစိုးဝင်းက လွှတ်တော်တွင် တင်ပြသည်။
အစိုးရအနေဖြင့် ထိုကဲ့သို့ ချေးငှားနိုင်ရန် လယ်ယာမြေဥပဒေကို လက်ရှိခေတ်ကာလနှင့် လိုက်လျောညီထွေစေရန် ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲနေကြောင်း ၊ တောင်သူလယ်သမား ဖွံံ့ ဖြိုးရေးဘဏ်က ဧရာဝတီတိုင်းဒေသကြီး တွင် ထိုကဲ့သို့ ချေးငှားပေးနေကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေကြားခဲ့သည်။
တောင်သူလယ်သမား ဖွံံ့ ဖြိုးရေးဘဏ်များကို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး တိုင်းနှင့် ပြည်နယ်အနှံ့တွင်လည်း ယင်းဘဏ်များ ဖွင့်လှစ်ပေးနိုင်ရန် လိုအပ်နေကြောင်း ၎င်းက ပြန်လည် တင်ပြခဲ့သည်။
ဥပဒေနှင့် နည်းဥပဒေများမှာ တိတိကျကျ ပြဋ္ဌာန်းပြီးသားဖြစ်၍ ယင်းသို့ ငွေချေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမည် ဆိုပါက လယ်သမားများ အဆင်ပြေလာမည် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း ပုံစံ ၇ ကို အပေါင်ယူထားပြီး ထုတ်ချေးပေးရခြင်းဖြစ်၍ ငွေကြေးလေလွင့် ဆုံးရှုံးနိုင်မည် မဟုတ်ကြောင်း မေးခွန်းရှင်က တင်ပြ ခဲ့သည်။