ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် စီးပွားဖြစ် ဓာတ်ပုံ ရိုက်ကူးပါက တရက်လျှင် ကျပ် တသိန်းနှုန်း အခွန် မဖြစ်မနေ ဆောင်ရမည် ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးသွင်းရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။
ထို့ပြင် ဗီဒီယိုနှင့် ရုပ်ရှင်များ ရိုက်ကူးလျှင်လည်း တရက်ကို ကျပ် ၅ သိန်း ကောက်ခံကာ နိုင်ငံခြားသားများ စီးပွားဖြစ် လုပ်ကိုင်ပါကလည်း ယင်းနှုန်းအတိုင်း အခွန်ဆောင်ရမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဧရာဝတီ သို့ ပြောသည်။
ဦးအောင်အောင်ကျော်က “စီးပွားဖြစ် ဓာတ်ပုံရိုက်တာကိုပဲ ဆိုလိုတာပါ။ ခရီးသွားဧည့်သည်တွေတော့ မပါပါဘူး။ စီးပွားဖြစ် ဓာတ်ပုံဆိုတာက အခြေအနေပေါ် မူတည်တာပေါ့။ ပြောဖို့ကတော့ တော်တော်ခက်တယ်။ အဓိပ္ပာယ် ဖွင့်တာကတော့ စီးပွားဖြစ် ဓာတ်ပုံရိုက်တဲ့ သူတွေပေါ့ ” ဟု ဆိုုသည်။
မလိုလားအပ်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများ မဖြစ်စေရန် အခွန်လာဆောင်သည့် အခါတိုင်း လုပ်ငန်းခွင်သို့ ဝန်ထမ်း တယောက် ထည့်ပေးကြောင်း၊ ၎င်းဝန်ထမ်းအတွက် သွားလာစားသောက်စရိတ် ကျပ်တသောင်း ပေးရကြောင်း ၎င်းက ဆိုသည်။
“ မလိုလားအပ်တဲ့ ဓာတ်ပုံတွေ ဖြစ်လာမှာစိုးလို့ ဝန်ထမ်းက လိုက်ပေးရတာပေါ့။ လိုက်ပေးတဲ့အတွက် တနေကုန် စားတာ သောက်တာ သွားလာစရိတ်တို့ကို မေတ္တာလက်ခံတာ ရှိတာပေါ့။သူတို့က ကျေနပ်လို့ရှိရင် လုပ်ပေးရတာပေါ့။ မပေးချင်တဲ့ လူတွေလည်း ရှိတယ်။ မပေးလည်း ပြဿနာ မရှိဘူး။ အတင်းအကျပ် ကောက်တာတော့ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ဗီဒီယို ရိုက်ကူးသူများ အနေဖြင့်မူ အဆိုပါအခွန်ငွေ ကုန်ကျစရိတ်ကြောင့် ရိုက်ကူးနိုင်ခြင်း မရှိကြောင်း ပုဂံအခြေပြု “ကျွန်”ဇာတ်ကား သွားရောက် ရိုက်ကူးခဲ့သူ ရုပ်ရှင်ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ဧရာဝတီသို့ ပြောသည်။
ညွန့်မြန်မာ ညီညီအောင်က “ဗီဒီယိုသမားကတော့ တရက် ၅ သိန်းဆိုရင် လုံး၀ မရိုက်နိုင်လောက်တော့ဘူး။ ကျနော် ရိုက်ခဲ့တဲ “ကျွန်” ဆိုတဲ့ ရုပ်ရှင်ကားဆိုရင် တိုင်းပြည်မှာ ဘိုးဘွားတွေ ထောင်ခဲ့တဲ့ ပုဂံဆိုတဲ့ မင်းနေပြည်တော် ရှိတယ်။ ဘယ်လို ကြီးမြတ်တယ် ဆို တာကို ရိုက်ချင်လို့ကို ရိုက်ခဲ့တာပါ”ဟု ဆိုသည်။
အလှဓာတ်ပုံ ရိုက်ကူးသူများ၊ အပျော်ရိုက်ကူးသူများအနေဖြင့် အခွန်ဆောင်ရန် မလိုဘဲ စီးပွားဖြစ် ရိုက်ကူးသူများသာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ခွင့်ပြုချက် တောင်းခံပြီး အခွန်ဆောင်ရကြောင်း သိရသည်။