သတင်းထောက်များကို ဓာတ်ပုံရိုက်ကူးခဲ့သူ တပ်ကြပ်စိုးမြင့်အောင်အား အရေးယူရန် ပျက်ကွက်မှုဖြင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရဲစခန်းမှ ဒုရဲမှူးတဦးကို မြန်မာသတင်းသမားများ ကာကွယ်ရေးအဖွဲ့ (PCMJ )က ဗဟန်းမြို့နယ်တရားရုံး၌ ဥပဒေအရ အရေးယူပေးရန် ဦးတိုက်လျှောက်ရန် စီစဉ်နေကြောင်း သိရသည်။
တပ်ကြပ်စိုးမြင့်အောင်၏ ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယို ရိုက်ကူးခြင်းတို့သည် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) နှင့် ငြိစွန်းခြင်း မရှိကြောင်း၊ အကယ်၍ ၎င်း၏လုပ်ရပ်သည် သတင်းထောက်များကို ဂုဏ်သိက္ခာအရ နစ်နာသည်ဟု ယူဆပါက သက်ဆိုင်ရာ ဗဟန်းတရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်သည်ဟု ဗဟန်းရဲစခန်းမှ ဒုရဲမှူးဦးအေးမင်းသိန်းက ဇူလိုင် ၅ ရက်က အကြောင်းကြားလာသည့်အတွက် ၎င်းတို့ကို ယခုကဲ့သို့ဦးတိုက်လျှောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း PCMJ က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
တပ်ကြပ်စိုးမြင့်အောင်သည် ဇွန်လ ၃၀ ရက်က The Voice ဂျာနယ် အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ၏ ရုံးချိန်းတွင် သတင်းလာယူသည့် သတင်းထောက်များအား နောက်ယောင်ခံလိုက်ပြီး တဦးချင်းစီကို ဓာတ်ပုံရိုက်ကူးမှုဖြင့် ၎င်းအား ဗဟန်းရဲစခန်းတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
သတင်းထောက်များအပေါ် ထိုကဲ့သို့လုပ်ဆောင်မှုသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) အရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေပြီး၊ သတင်းထောက်များ၏ ဂုဏ်သိက္ခာကို နစ်နာစေသဖြင့် ၎င်းအား ဗဟန်းရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း စခန်းကပယ်ချခဲ့ကြောင်း PCMJ အဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ဧရာဝတီကို ပြောသည်။
“ဒုရဲမှူး ဦးအေးမင်းသိန်းက တပ်ကြပ်စိုးမြင့်အောင်ရဲ့အမှုကို ဥပဒေနဲ့ငြိစွန်းမှု မရှိဘူးဆိုပြီး ပယ်ချလိုက်တယ်။ အဲဒါကြောင့် တာဝန်ပျက်ကွက်မှုနဲ့ အရေးယူပေးဖို့ တရားရုံးမှာ လျှောက်မယ်။ တပ်ကြပ်စိုးမြင့်အောင်ကိုလည်း အရေးယူပေးဖို့ တရားရုံးမှာ လျှောက်ဖို့ ပြင်ဆင်နေတယ်” ဟု ၎င်းက ဆိုသည်။
ဒုရဲမှူးဦးအေးမင်းသိန်းနှင့် တပ်ကြပ်စိုးမြင့်အောင်တို့ နှစ်ဦးစလုံးကို ဥပဒေနှင့်အညီ အရေးယူပေးရန် ဗဟန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်သွားမည်ဖြစ်ကြောင်း၊ တပ်ကြပ်စိုးမြင့်အောင်၏ လုပ်ရပ်သည် နိုင်ငံသား တဦးချင်းစီ၏ လွတ်လပ်မှုကို ထိခိုက်စေကြောင်း ကိုသာလွန်ဇောင်းထက်က ဆက်ပြောသည်။