အစိုးရဟောင်းလက်ထက် ဘဏ္ဍာရေး၊ မြေယာနှင့် စီမံကိန်းကိစ္စများတွင် ဥပဒေနှင့်မညီသည့် လုပ်ရပ်များ ရှိခဲ့သော် လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဖြင့်သာ ရှေ့သို့ ဦးတည်သွားနေရကြောင်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဇူလိုင် ၆ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ၎င်းက “အရင်အစိုးရရဲ့လုပ်ရပ် ဆိုပေမယ့် ကောင်းမွေ၊ ဆိုးမွေကိုရော လက်ခံရတာပါပဲ။ ဒါပေမယ့် ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ စီမံကိန်း၊ စိုက်ပျိုး ရေး နဲ့ ဘဏ္ဍာရေး ကိစ္စတွေမှာ ကြပ်ကြပ်မတ်မတ် လုပ်သွားပါ့မယ်၊ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြိုး ကြိုး စားစား လုပ်နေပါတယ်” ဟု ပြောဆိုသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် တိုင်းစာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး စာရင်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် က လက်ရှိ အစိုးရအဖွဲ့၏ အခြေအနေနှင့် ဆောင်ရွက်ချက်တို့ကို ပြန်လည် ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သည် ယခင်အစိုးရဟောင်း ရေးဆွဲခဲ့သည့် ဘဏ္ဍာငွေ အရအသုံး စာရင်းဖြစ်ပြီး အစိုးရ ဟောင်း လက်ထက်က ဆောင်ရွက်ခဲ့သည့် စီမံကိန်းများ၊ ပုဂ္ဂလိကများအား ချထားပေးခဲ့သည့် မြေယာကိစ္စများ၊ ရရန် ကျန်ရှိ သည့် ကြွေးကျန်များ၊ စည်ပင်ကော်မတီနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို တိုင်းစာရင်းစစ်ချုပ်က စစ်ဆေးခဲ့ပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်းလည်း ဖြစ်သည်။
အစီရင်ခံစာနှင့် စပ်လျဉ်း၍ ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က “အရင်အစိုးရ ဟာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်ပြီး လုပ်ခဲ့သလို အကူးအပြောင်း ကာလမှာလည်း ဥပဒေနဲ့ မညီ တဲ့ လုပ်ရပ်တွေ ဆောင်ရွက်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်၊ ဒါဟာ အင်မတန် ရုပ်ဆိုးတယ်လို့ မြင်ပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးသည်။
အထူးသဖြင့် လယ်မြေနှင့် မြေလွတ်မြေရိုင်းများတွင် လူပုဂ္ဂိုလ်တဦးတည်းကို မြေဧက ရာချီ ချထားပေးခဲ့ခြင်း၊ အရှုံးပြ သည့် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ခြင်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို ခွင့်ပြုခဲ့ရာတွင် ပွင့်လင်း မြင်သာမှု အားနည်း ခြင်း စသည့် အချက်များကြောင့်ဖြစ်သည်ဟုလည်း ဦးတင်အောင်က ထောက်ပြသည်။
လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အစီရင်ခံစာနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှုများကို ပြန်လည် ရှင်းလင်းပြောကြား ကြသည်။
မြေဧကများစွာကို လူပုဂ္ဂိုလ်တဦးတည်း ချထားပေးသည့်ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်အတွင်း စုံစမ်း စစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီး ဥပဒေနှင့်မညီဘဲ ချထားသည့် မြေဧကများမှ မြေယာအသုံးချခွင့်ကို ပြန်လည် သိမ်းယူရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ စာတင်ထားပြီး ဖြစ်ကြောင်းဟု မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းက လွှတ်တော်တွင် ဖြေကြားသည်။
အစီရင်ခံစာကို ဆွေးနွေးခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သိန်းဟန်က “အစိုးရ အဖွဲ့ရဲ့ စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စတွေကို အချိန်မီဆောင်ရွက်ဖို့ ကျနော်က မေးတာပါ။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က အခြေအနေတခုဟာ နောက်နှစ်မှာလည်း ဆက်ဖြစ်နေတယ်ဆိုရင် စီမံခန့်ခွဲရေးအရ ဆောင်ရွက်သင့်တယ်လို့ ပြောချင်တာပါ။ ဥပမာ စည်ပင်မှာ ဝန်ထမ်းအရေအတွက် ဖွဲ့စည်းပုံထက် များနေတယ်ဆိုရင် စိစစ်ပေ့ါ။ မများဘူး၊ တကယ်လိုအပ် နေတယ် ဆိုရင်တော့ ဆက်ခန့်ပေါ့။ ဒါကတော့ လွှတ်တော်အထိ တက်လာစရာမလိုဘူးလေ” ဟု ပြောသည်။
ထို့အပြင် စည်ပင်သာယာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ရွှေမန်းတောင် ဂေါက်ကွင်း၊ ရေတံခွန်တောင် ဂေါက် ကွင်း၊ မန္တလေး ကွန်ဗင်းရှင်း စင်တာ၊ တော်ဝင် စက်မှုလက်မှု လုပ်ငန်းမှ ရှယ်ယာ၊ စည်ပင်ဝန်ထမ်း အရေအတွက် များနေခြင်း၊ ကြွေးကျန်များ စသည့် ကိစ္စများနှင့် ပတ်သက်၍ စည်ပင်ဝန်ကြီးက ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။
မန္တလေးတိုင်းအတွင်း အစိုးရအကူးအပြောင်း ကာလတွင် ဆောင်ရွက်ခဲ့သည့်ကိစ္စများကို လွှတ်တော်က ဆွေးနွေး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အစီရင်ခံစာနှင့်အတူ ဆွေးနွေးချက်များကို လွှတ်တော်၏ သဘောထားအရ မှတ်တမ်းတင် ထားကြောင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောဆိုသည်။