မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်ရှိ ဂိုထောင်တခုအား မူးယစ်ဆေးဝါးဆက်စပ်သတင်းများအရ ပူးပေါင်းမူးယစ်အဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော် ဖမ်းဆီးရမိသည့် အမှု၏ ကွင်းဆက်တရားခံများကို ဆက်လက်ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲ ၁ မှ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၈ လမ်းနှင့် ဗညားဒလ လမ်းထောင့် ရှိ ကျော်ဝင်း(ခ) လျိုရုန်းချမ်း၏ နေအိမ်သို့ နေအိမ်ဝင်ရောက်ရှာဖွေခဲ့သော်လည်း မူးယစ်ဆေးဝါးများ မတွေ့ရကြောင်း၊ ယင်းနေအိမ်စောင့်ဆိုသူကို ထပ်မံ စစ်ဆေး၍ အိမ်ရှင် ကျော်ဝင်း (ခ) လျိုရုန်းချမ်း ပိုင်ဆိုင်သည့် ပြည်ကြီး တံခွန်မြို့နယ်၊ င ရပ်ကွက်၊ ၆၀ (ဘီ)လမ်း၊ မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းကြားရှိ ဂိုထောင်အား ထပ်မံဝင်ရောက်စစ်ဆေးခဲ့ရာ ဂိုထောင်မှာ သော့ပိတ်လျက် တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သော့ဖျက်ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါဂိုထောင်အတွင်း ကားများနှင့် အချို့ကားများပေါ်တွင် စိတ်ကြွဆေးပြား ၁၂ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မီးခံသေတ္တာ ၂ လုံးအတွင်းမှ ငွေစက္ကူ ကျပ် သိန်း ၃၆၀၊ အလေးချိန် ၁၀ ကျပ်သားရှိ ရွှေတုံး ၁၂ တုံး၊ ရွှေလက်ကိုင်အိတ် ၁ လုံး၊ ဆွဲကြိုး၊ လက်စွပ်၊ ဆွဲသီး၊ နားကပ်အစရှိသည့် ရွှေထည်မျိုးစုံတို့ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
”မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အရင်ကထက် တပ်ဖွဲ့ဝင်အင်အား သုံးဆပိုမို တိုးချဲ့ပြီး လုပ်ဆောင်နေပါတယ်။ မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုကို အဓိက တားဆီးနှိမ်နင်းနေတယ်၊ အခုဖမ်းဆီးရမိတဲ့တရားခံတွေကို စစ်ဆေးပြီး ကွင်းဆက်တရားခံတွေကိုပါ ဆက်လက်ဖမ်းဆီးရမိအောင် လုပ်ဆောင်သွား ပါမယ်”ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၁၇ မှ အမည်မဖော်လိုသူရဲအရာရှိတဦးက ပြောသည်။
ဂိုထောင်အတွင်းမှ သိမ်းဆည်းရမိသည့် ကား ၅ စီးအား ဆက်လက်ရှာဖွေရှာ TOTOTA HILUX SURF ကားကြမ်းခင်း ဆီတိုင်ကီတွင် အံဝှက်ပြုလုပ်၍ ထည့်ထားည့် 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါ ၇၄ ထုပ်ကို ထပ်မံ သိမ်းဆည်း ရမိခဲ့သဖြင့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၂၆၄၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျော်ဝင်း (ခ) လျိုရုန်းချမ်း၊ ဇနီးဖြစ်သူ ဖူးဝေခိုင်းနှင့် အိမ်စောင့် အောင်မင်းထွန်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅၊ ၁၉ (က)၊ ၂၀ (က) နှင့် ၂၁ အရ အမှုဖွင့် ဖမ်းဆီးထားသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် သက်ဆိုင်ဌာနများ ပါဝင်သည့် စီမံကိန်းကို ၁၉၉၉- ၂၀၀၀ ခုနှစ်မှ စတင်ကာ တားဆီးနှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ၅ နှစ်စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည်။