ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး အချို့မြို့နယ်များရှိ စာသင်ကျောင်းများ ယာယီ ပိတ်ထားရပြီး လူဦးရေ သုံးထောင်ကျော် ကယ်ဆယ်ရေးစခန်းများတွင် ရွှေ့ပြောင်းနေရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှသိရသည်။
မြစ်ရေ မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ်တွင် စာသင်ကျောင်း ၈ ကျောင်း နှင့် ဟုမ္မလင်း မြို့နယ်တွင် စာသင်ကျောင်း ၂၈ ကျောင်း ယာယီ ပိတ်ထားရကြောင်းကို ကယ်ဆယ်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအာကာကိုကို က ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ဆီကနေ စစ်ကိုင်းကို သွားပြီးတော့ ထောက်ပံ့မှုတွေ လုပ်နေတယ်။ ခန္တီးမြို့နယ်မှာဆိုရင် ကယ်ဆယ်ရေး ပစ္စည်း ၄၇ အိမ်ထောင်စာ လောလောဆယ် ထောက်ပံ့ထားတယ်။ ဆန်ဖိုး ၆၇၂၀၀၀ ကျပ် ထောက်ပံ့ပြီးသွားပြီ။ ကျန်တဲ့ဟာတွေကလည်း ထောက်ပံ့ဦးမှာပါ ထောက်ပံဖို့ပြင်ဆဲပေါ့” ဟု ပြောသည်။
ဇူလိုင်လ ၄ရက်နေ့မှ စ၍ ၇ ရက်နေ့အထိ စာရင်းများအရ စစ်ကိုင်းမြို့ရှိ ခန္တီးမြို့နယ်တွင် လူဦးရေ ၁၃၇၃ ဦး ၊ ဟုမ္မလင်းမြို့နယ် တွင် လူဦးရေ ၃၈ ဦး၊ မင်းကင်းမြို့နယ်တွင် လူဦးရေ ၂၈၅ ဦး၊ ဖောင်းပြင်မြို့နယ်တွင် လူဦးရေ ၁၂၁ ဦး၊ ကလေး၀ မြို့နယ်တွင် လူဦးရေ ၉၂၃ ဦး၊ မော်လိုက် မြို့နယ်တွင် လူဦးရေ ၃၀၄ ဦး၊ လေရှီးမြို့နယ် မိုပိုင်းလွတ်မြို့တွင် အိမ်ထောင်စု ၁၃ ဦး သည် သက်ဆိုင်ရာ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
“ရေကျနေပါပြီ။ ကယ်ဆယ်ရေး စခန်းကလူတွေကတော့ နေမြဲပေါ့။ ရေကျနေပြီ ဆိုပေမယ့် သူတို့အိမ်တွေက ရေကျန်သေးတယ်။ ခန္တီးမြို့ပေါ်ဆိုရင် ကယ်ဆယ်ရေး စခန်းကတော့ ၃ ခုပေါ့” ဟု ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ရှင်းပြသည်။
ချင်းတွင်းမြစ် မြစ်ဖျားပိုင်းတွင် ရှိသော ခန္တီးမြို့တွင် စတင်ပြီး ရေကျနေပြီ ဖြစ်သောကြောင့် မြစ်အောက်ပိုင်း မြို့များတွင် စိုးရိမ်ရေ အမှတ်အထက်တွင် တည်ရှိနေမည်ဖြစ်သော်လည်း နောက် ၅ ရက်လောက်တွင် ကျနိုင်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ဒီနေ့ဆိုရင် ခန္တီးက ရေကျနေပြီ။ မနက်ဖြန်ဆိုရင် ဟုမ္မလင်းက စကျမယ်။ စိုးရိမ်ရေ အမှတ်ကို ၂ ပေခွဲ၊ ၃ပေ ကျော်သွားတဲ့ အတွက်ကြောင့်မို့လို့ ပြန်ကျမယ့် အချိန်ကျတော့ ၂ ရက် လောက်တော့ ကြာတယ်ပေါ့။ ပြီးရင် သူ့အောက်က ဖောင်းပြင် ဆိုရင် စိုးရိမ်ရေ အမှတ်ထက် ၃ ပေလောက်ကို ကျော်သွားတဲ့ အတွက်ကြောင့်မို့လို့ ပြန်ကျတာက ၂ ရက် ၃ ရက်လောက်တော့ ကြာမှပေါ့” ဟု ပြောသည်။
ယနေ့ ဇူလိုင် ၇ ရက်နေ့ ချင်းတွင်းမြစ်ရေ အခြေအနေသည် ခန္တီးမြို့တွင် ၁ ပေခန့်၊ ဟုမ္မလင်းမြို့ တွင် ၂ ပေခွဲခန့်၊ ဖောင်းပြင်မြို့ တွင် ၂ ပေခွဲခန့်၊ မော်လိုက်မြို့တွင် ၄ ပေခန့်၊ ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် ၁ ပေခွဲခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေသောကြောင့် ချင်းတွင်းမြစ် တလျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။