မော်လမြိုင် တက္ကသိုလ်ရှိ ကျောင်းသား စုံတွဲ ထံမှ ဆိုင်ကယ်၊ ရွှေ၊ ဖုန်းနှင့် ပစ္စည်များ ကာလတန်ဖိုး သိန်း ၅၀ နီးပါး လုယက်သွားသူ ၂ ယောက်အား ညတွင်းချင်း ဖမ်းဆီးပြီး မုပွန် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေး မေးမြန်းနေကြောင်း မုပွန် ရဲစခန်းမှ ဒုရဲအုပ် မယုမွန်စောက ပြောသည်။
ဒုရဲအုပ် မယုမွန်စော က “မနေ့ည ၁၀ နာရီကျော်က လုသွားတဲ့ နှစ်ယောက်ကို ပြန်ဖမ်းမိထားတယ်၊ လုသွားတဲ့ နှစ်ယောက် ထဲက ၁ ယောက် ကတော့ တော်တော်လေးကို သမ္ဘာရင့်တယ်၊ ထောင်ခဏခဏ ကျဖူးတယ်၊ ဒီစခန်း ကနေပြီးတော့ တခြားအမှု တွေနဲ့လည်း သူ့ကို ဖမ်းဖူးတယ်။ သမီးရည်းစား စုံတွဲက ပြောရမယ် ဆိုရင် သွားချိန်းတွေ့ ကြတယ်ပေါ့၊ ချိန်းတွေ့ နေတုန်း ယောင်္ကျားလေး ၂ ယောက်က ဓားထောက်ပြီး ပါသွားတဲ့ ပစ္စည်းကို အကုန် လုသွားတာ” ဟု ပြောသည်။
“ပြောရမယ် ဆိုရင်တော့ အဲဒီနေရာမှာ ပစ္စည်းလုတာ၊ ဆိုင်ကယ်ခိုးတာတို့ ခဏခဏ ဖြစ်တယ် ၊ ဒီလူက အဲဒီ နေရာမှာ ကျင်လည် ကျက်စား တတ်တဲ့ လူဆိုတော့ အခြားပြစ်မှုတွေ ဆက်စပ်ပြီး ကျူးလွန် ထားတာ ရှိ၊ မရှိပေါ့၊ နောက်တခုက သင်္ကြန်တုန်းကလည်း အမျိုးသမီး လူသေအလောင်း ၁ လောင်း တွေ့တယ်၊ အဲဒီ ကိစ္စနဲ့ ဆက်စပ်မှု ရှိနိုင်မလားပေ့ါ ၊ လောလောဆယ်မှတော့ ရဲဘက်က စစ်ဆေးနေတုန်းပဲ ရှိသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
စုံတွဲထံမှ လုယက်သူ ၂ ဦးမှ ၁ ဦးက ဓားဖြင့်ထောက်၍ ၁ ဦးက သံတုတ်ဖြင့် ရိုက်၍ ခြိမ်းခြောက် လုယက် ခဲ့ပြီးနောက် စုံတွဲအား သစ်ပင်၌ လုံချည်ဖြင့် ချည်နှောင် ထားခဲ့ပြီးနောက် ထွက်ပြေးသွားကြောင်း သိရသည်။
ထိုအလုယက်ခံရသည့် နေရာ မော်လမြိုင်မြို့ တောင်ဝိုင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်း အရှေ့ရှိ ချုံတောတွင်လည်း ပြီးခဲ့သည့် ဧပြီလ၊ သင်္ကြန် ကာလ အတွင်း၌ လက်သည် မပေါ်သည့် အမျိုးသမီး အလောင်း ၁ လောင်း တွေ့ရှိခဲ့ပြီး ယခု ထိုနေရာ၌ မော်လမြိုင်တက္ကသိုလ် ရုက္ခဗေဒ ဒုတိယနှစ် ကျောင်းသူနှင့် ၎င်းရည်းစား ဖြစ်သူတို့သည် ချိန်းတွေ့ နေကြစဉ် ယခုကဲ့သို့ လုယက် ခံခဲ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
မော်လမြိုင် တောင်ဝိုင်း နေရာသည် လုယက်မှု မကြာခဏ ဖြစ်ပွားသည်ဟု နာမည်ကြီးသည့် နေရာ ဖြစ်ကာ ယခုရက်ပိုင်း အတွင်း၌ အခြားဖြစ်စဉ်များ ရှိနေသည်ဟု ကြားသိ ထားရကြောင်းလည်း တက္ကသိုလ် ကျောင်းသား များက ပြောသည်။
ထိုသို့ အလုယက်ခံရသူများထဲမှ လုယက်ခံရသည့်တန်ဖိုး ပမာဏ များသည့် လူများက ရဲစခန်းသို့ အမှုဖွင့်ရောက် လာရောက် တိုင်ကြားကြကာ အချို့မှာ ဖုန်းလုယက်ခံရခြင်းများ ရှိသော်လည်း ရဲစခန်းသို့ လာရောက် အမှု မဖွင့်ကြကြောင်း မော်လမြိုင်မြို့ တက္ကသိုလ်အနီးရှိ မြိုင်သာယာ ရဲစခန်းမှ ရဲအုပ် တင်ထွန်းဦး က ပြောသည်။
ရဲအုပ် တင်ထွန်းဦး ကလည်း “ အဲဒီနေရာက လူသွားလူလာ နည်းတယ်။ အခုကလည်း အရင်တုန်းက မတူတော့ဘူး။ အရင်ကဆို စာရင်းဇယား ထဲမှာ ရှိဖူးတဲ့ လူတွေနဲ့ လုပ်ဟန် ကိုင်ဟန်တွေ တွက်ချက်ပြီးတော့ ဘယ်သူလဲ ဆိုတာ သိနိုင်တယ်၊ အခုကတော့ လူပိုစုံလာတယ်၊ တော်တော်လေးကို ကြိုးစားပမ်းစား ဖော်ထုတ်ရတယ်” ဟု သုံးသပ်သည်။
မော်လမြိုင် တက္ကသိုလ် မြောက်ဘက်ရှိ တောင်ဝိုင်းတောင်သည် ဗုဒ္ဓဝင် ရဟန်းန္တာ ၅၀၀ ရုပ်တုနှင့် အခြား ဘုရားများ ရှိပြီး ဆိတ်ငြိမ်သည့် နေရာ ဖြစ်ကာ မော်လမြိုင်မြို့အား အပေါ်မှ မြင်ရသောကြောင့် နာမည်ကြီးသည့် နေရာ တခုလည်း ဖြစ်သောကြောင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူငယ် စုံတွဲများ သွားရောက် လည်ပတ်လေ့ ရှိသည့် နေရာ တခုလည်း ဖြစ်သည်။