သတင်း

တပ်မတော်က ဖမ်းဆီးခဲ့သည့် သတင်းသမား ၃ ဦးကို ရုံးထုတ် အမှုစွဲတင်

တပ်မတော်မှ ဖမ်းဆီးခဲ့သည့် သတင်းသမား ၃ ဦး အပါအဝင် အမျိုးသား ၆ ဦးကို ယနေ့ နံနက်ပိုင်းက သီပေါ မြို့နယ် တရားရုံးတွင် ရုံးထုတ်၍ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုစွဲတင်လိုက်ကြောင်း သီပေါ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း က ဧရာဝတီသို့ ပြောသည်။

ရဲမှူးမြင့်ဝင်းက “အမှုက နမ့်ဆန်မြို့နယ်ကို လွှဲထားပြီးဖြစ်ပေမယ့် လူတွေက သီပေါမှာပဲ ရှိနေလို့ သီပေါ တရားရုံးမှာ ထုတ်တာပါ။ ဒီနေ့ပဲ ၆ ဦးကို အမှုစွဲတင်လိုက်ပါပြီ” ဟု ပြောပြသည်။

အမှုကို ဆက်လက်စစ်ဆေးရန် ဇူလိုင် ၂၁ ရက်နေ့သို့ ထပ်မံချိန်းဆိုထားပြီး သီပေါမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်းလည်း ရဲမှူးမြင့်ဝင်းက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူများအား သီပေါရဲစခန်းမှ ဇွန်လ ၂၈ ရက်နေ့တွင် ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ပြီးနောက် ရမန်ကြီး တပတ်ရယူကာ မူလက ဇူလိုင် ၁၁ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု ပြောဆိုထားသော်လည်း အဆိုပါနေ့ မတိုင်ခင် ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ရုံးထုတ်၍ အမှုစွဲ တင်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရမန် မပြည့်ခင် ရုံးထုတ်ရခြင်းသည် လုံခြုံရေး အခြေအနေအရ ထုတ်ရခြင်း ဖြစ်ကြောင်း ရဲမှူး မြင့်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တွင်ပြုလုပ်သည့် မူးယစ်ဆေး မီးရှို့ ဖျက်ဆီး ခြင်း အခမ်းအနားသို့ သတင်းသွားယူပြီး အပြန်တွင် တပ်မတော်၏ ဖမ်းဆီးမှု ခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသော သတင်းသမားများမှာ ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးသိန်းဇော် (လဝီဝမ်) နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဖြိုးနိုင် တို့ ဖြစ် သည်။

Loading