နယ်မြေအငြင်းပွားမှု တိုင်ကြားစာ အများဆုံးရရှိ ဟု JMC ဆို
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC က ၎င်းထံ ရောက်ရှိလာသော တိုင်ကြားစာများအနက် ၇၀ ရာခိုင်နှုန်းနီးပါးသည် နယ်မြေအငြင်းပွားမှုများဖြစ်ပြီး ၎င်းတို့ကို မကြာမီ စိစစ်အတည်ပြုရေး အဖွဲ့များ သွားရောက်အကဲဖြတ်မည်ဟု ဆိုသည်။
JMC စိစစ် အတည်ပြုရေး အဖွဲ့ တဖွဲ့သည် လာမည့်လများတွင် ရှမ်းပြည်နယ် မိုင်းပြင်း မြို့နယ်တွင် တိုုင်ကြားမှု ၂ ခုကို အကဲဖြတ်မည် ဖြစ်ပြီး တမှုမှာ ပြည်သူ့စစ် ၁ ဦး သေဆုံးမှုနှင့် သက်ဆိုင်ကာ အခြားတမှုမှာ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ တပ်ဖွဲ့များ အကြား ထိတွေ့မှုဖြစ်စဉ်များကို စိစစ်ရန် ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် JMC အတွင်းရေးမှူးတဦးဖြစ်သူ ဒေါက်တာ ရွှေခါးရ် က ပြောသည်။
“ဒီနယ်မြေသတ်မှတ်ရေးမှာ အဓိပ္ပာယ် သတ်မှတ်မှု မတူတာတွေ ရှိတယ်။ ဒီတိုင်တန်းမှုတွေကို ဘယ်လို ကိုင်တွယ် ရမလဲဆိုတာ အဓိက လုပ်နေရပါတယ်” ဟု ဒေါက်တာ ရွှေခါးရ်က ဆက်ပြောသည်။
နယ်နမိတ်သတ်မှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန် ရှိသည်ဟုု JMC က ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ၎င်းတို့၏ အစိုးရနှင့် နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူချက်များတွင် နယ်မြေသတ်မှတ်ရေးနှင့် ပတ်သက်သည့် အချက်များကို အသေအချာ သတ်မှတ်ထားကြသော်လည်း အချို့အဖွဲ့များနှင့်မူ ထိုသို့လုပ်ဆောင်ရခြင်း မရှိသေးသဖြင့် နယ်နမိတ်သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများ ထပ်မံ ကျင်းပရန်လိုအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
JMC ၏လုပ်ငန်းတာဝန်များတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုး ထားသည့်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အကောင်အထည်ဖော်မှုကို ကြီးကြပ်စောင့်ကြည့်ရန် ပါဝင်သည်။
JMC သည် ၎င်း၏ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာရုံးတွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသည် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု စောင့်ကြည့်ခြင်း၊ တိုင်ကြားစာများ မှန်ကန်မှုရှိ၊ မရှိ စိစစ် အတည်ပြုရေး လုပ်ငန်းစဉ်များ၊ အပစ်အခတ်ရပ်စဲရေး ကြီးကြပ်ရာတွင် ဒေသခံအရပ်သားများ ပါဝင်ခွင့်ရရေးနှင့် လုပ်ထုံး လုပ်နည်း (SOP) ပြုစု ရေးဆွဲရေးများကို အဓိကထား၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း စတင်ဖွဲ့စည်းချိန်ကတည်းက JMC သည် ပြည်နယ်နှင့် တိုင်းအဆင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ဆပ်ကော်မတီများကို ဖွဲ့စည်းပြီး၊ ယနေ့အထိ ကရင်၊ မွန်၊ ရှမ်းပြည်နယ်များနှင့် ပဲခူးနှင့် တနင်္သာရီတိုင်းတို့တွင် ဖွဲ့စည်းပြီး ဖြစ်သည်။ ၎င်းသည် ပြည်နယ်အဆင့် တိုင်ကြားစာ စိစစ်ရေး အဖွဲ့များကို ဖွဲ့စည်းနေဆဲ ဖြစ်သည်။
JMC တွင် ကွန်ပျူတာစနစ်သုံး တိုင်ကြားစာ စီမံခန့်ခွဲရေး စနစ်တခု ပြုလုုပ်မည်ဟု ဆိုသည်။ စာဖြင့်ရေးသား တိုင်ကြားခြင်းထက် နှုတ်ဖြင့် တိုင်ကြားမှုများကို ပိုမိုရရှိနေသောကြောင့် ပိုမို စနစ်ကျစေရန် ဖြစ်သည်။
လုပ်ထုံးလုပ်နည်းရေးဆွဲခြင်းတွင် JMC လုပ်ငန်း ယန္တရား အတွက် လိုအပ်သော လုပ်ထုံးလုုပ်နည်း ၄၀ အနက် ၁၂ ခုကို ရေးဆွဲခဲ့ပြီး ယခုအကြိမ်တွင် အတည်ပြုနိုင်ခဲ့သည်ဟု နည်းပညာအထောက်အကူပြု အဖွဲ့မှ ဒုတိယ အမှုဆောင် ဒါရိုက်တာ ဆိုင်းပန် ကပြောသည်။
သို့သော် စစ်ဘေးရှောင်များနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ထုံးလုပ်နည်း (မူကြမ်း)ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လူမှုဝန်ထမ်းဝန်ကြီးဌာန၏ လုပ်ငန်းများကို လေ့လာရန် လိုအပ်နေသေးသောကြောင့် ဆက်လက်ဆွေးနွေးရဦးမည်ဟု သူက ဆက်ပြောသည်။
JMC သည် ယခင် မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးကို JMC နည်းပညာအထောက်အကူပြုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာသစ် အဖြစ်ခန့်အပ်ခြင်းကိုလည်း အတည်ပြုခဲ့သည်။ လက်ရှိတာဝန် ထမ်းဆောင်နေသူ ဒေါက်တာမင်း ဇော်ဦးသည် ဇူလိုင်လကုန်တွင် ၎င်းတာဝန်မှ ရပ်နားမည်ဖြစ်သည်။
ဒေါက်တာမင်းဇော်ဦးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ကပင် ရာထူးမှ အနားယူရန် စီစဉ်ခဲ့သော်လည်း အစားထိုး ခန့်အပ်မည့်သူ မတွေ့သေးသောကြောင့် စောင့်ဆိုင်းနေခဲ့ရသည်။
ဒေါက်တာ မင်းဇော်ဦးသည် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တွင် အကြံပေးတဦး ဖြစ်ပြီး ထိုရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်မည်ဟု သိရသည်။