ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ် သက်၍ ရခိုင်ပြည်နယ်၏ လိုအပ်သည့် နေရာများ၌ စစ်အုပ်ချုပ်ရေး စနစ် ကြေညာပေးရန် နိုင်ငံရေး ပါတီ ၁၄ ခု၏ သဘောထား ထုတ်ပြန်ချက်အား ရခိုင် အမျိုးသား ပါတီ (ANP) က လုံး၀ သဘောမတူကြောင်း ပြောသည်။
ဘူးသီးတောင်-မောင်တောဒေသများ၌ အကြမ်းဖက်မှုတချို့ ဖြစ်ပွားနေသော်လည်း ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စစ်အုပ်ချုပ်ရေး စနစ်ဖြင့် ဖြေရှင်းရန် မလိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်၏ မည်သည့် ဒေသတွင်မဆို စစ် အုပ်ချုပ်ရေး စနစ်ကို ANP ပါတီ အနေဖြင့် လုံး၀ မလိုလားကြောင်း ANP ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ဧရာဝတီကို ပြောပြသည်။
ဦးထွန်းအောင်ကျော် က “ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ဘူးသီးတောင်-မောင်တောဒေသက အကြမ်းဖက်မှုတွေကို အစိုးရနဲ့ တပ်မတော်တို့က ဥပဒေနဲ့ အညီ ထိထိရောက်ရောက် ဖြေရှင်းမယ်ဆိုရင် ရနိုင်ပါတယ်၊ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေ တဲ့အချိန်မှာ စစ်အုပ်ချုပ်ရေး စနစ်ကြေညာစရာ မလိုအပ်ပါဘူး၊ ကျနော်တို့ ANP ပါတီကလည်း လုံး၀ လက်မခံပါဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လိုအပ်သော ဒေသများတွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးယူ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အစိုးရ၏ တာဝန်ယူမှုကို အာမခံနိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ၂၀၀၈ ဖွဲ့ စည်းပုံ၏ ပုဒ်မ ၄၁၃ (ခ) ပါအတိုင်း နိုင်ငံတော် သမ္မတက စစ်အုပ်ချုပ်ရေး အမိန့်တရပ် ထုတ်ပြန်ပေးရန် ပါတီ ၁၄ ခုက ဇူလိုင်လ ၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီ ၁၄ ခုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ အမျိုးသား တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စ သည့် နိုင်ငံရေး ပါတီများ ပါဝင်သည်။
နိုင်ငံရေးပါတီ ၁၄ ခု၏ သဘောထား ကြေညာချက်သည် ၎င်းတို့၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာ ထုတ်ဖော်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ ကြေညာချက်နှင့်ပတ်သက်၍ အစိုးရနှင့်တပ်မတော် အနေဖြင့် မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို လည်း ANP ပါတီက သတိထား၍ စောင့်ကြည့်နေပြီး လိုအပ်က ကြေညာချက် ထုတ်၍ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဦး ထွန်းအောင်ကျော် က ပြောသည်။
နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုရာတွင် ပါတီ ၁၄ ခု၏ သဘောထား ကြေညာချက်အား အစိုးရ အနေဖြင့် ကြိုဆိုကြောင်း ဧရာဝတီ နှင့် အင်တာဗျူးစဉ် ဖြေဆိုခဲ့သည်။
ဦးဇော်ဌေး က “လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ သူတို့က စိတ်ပူတာတွေရှိတယ်၊ အဲဒါနဲ့ပတ်သက်ပြီး အစိုးရကို အကြံပြု တယ်၊ ထေက်ပြကြတယ်ပေါ့ဗျာ၊ အဲဒါနဲ့ပတ်သက်ပြီး အစိုးရ အနေနဲ့ကြိုဆိုပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍လည်း နိုင်ငံတော် သမ္မတ အိမ်တော်၌ ဇွန်လ ၃၀ ရက်နေ့က အထူးအစည်းအဝေး ကျင်းပခဲ့ပြီး လုပ်သင့်သည်များကို လုပ်ဆောင်နေကြောင်း ဦးဇော်ဌေး က ပြောဆိုသည်။
ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို မကျင့်သုံးခြင်းသည်လည်းကောင်း၊ ဥပဒေက အပ်နှင်းမထားသော ကိစ္စရပ် များကို ဆောင်ရွက်နေခြင်းများသည် လည်းကောင်း၊ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်သဖြင့် ဥပဒေနှင့်အညီ လိုက်နာ ကျင့်သုံး ဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း ပါတီ ၁၄ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတသည် အခြေအနေ အရ လိုအပ်ပါက စစ်အုပ်ချုပ်ရေး တရပ်ထုတ် ပြန်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များကို ပေးအပ်နိုင်ကြောင်း ပြဌာန်း ထားသည်။
ဘူးသီးတောင်-မောင်တောဒေသရှိ နယ်ခြားစောင့် စခန်းများအား ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပွားနေဆဲ ဖြစ်သည်။