သတင်း

နိုင်ငံ့ဝန်ထမ်းများ အဆင်ပြေစေရေးအတွက် စဉ်းစားသုံးသပ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Want create site? Find Free WordPress Themes and plugins.

ပြည်သူ့ဝန်ထမ်းများ၏ လုပ်ခလစာနှုန်းထားတိုးပေးရန် လတ်တလောတွင် အစီအစဉ် မရှိသေးသော်လည်း အခြားနည်းလမ်းများဖြင့် ဖြေရှင်းပေးရန် လေးလေးနက်နက် စဉ်းစားသုံးသပ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဒီပြဿနာကို ချက်ချင်း ဖြေရှင်းနိုင်မယ့်နည်း မရှိသေးပါဘူး။ လုပ်ခလစာ တိုးမြင့်ပေးတဲ့အခါမှာ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီး ရေရှည်တည်တန့်အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ပေးရမှာဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်း အခြေအနေနဲ့ အညီလည်း ဆောင်ရွက်ရပါတယ်” ဟု ပြောသည်။

လစာတိုးမြှင်ရေးသည် ဝန်ထမ်းများမျှော်လင့်ထားသလို ချက်ချင်းမဖြစ်နိုင်သော်လည်း ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင် ဖန်တီးပေးခြင်း၊ မိသားစုဝင်များအတွက် နေထိုင်ရေးပိုမိုကောင်းမွန်လာရန် ကြိုးစားပေးမည်ဖြစ်ကြောင်းနှင့် ယခုအခါ အဆင့်မြင့်ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေကြောင်း၊ အငြိမ်းစားဝန်ထမ်းများအတွက်လည်း လုံလုံခြုံခြုံသိက္ခာရှိရှိ နေထိုင်သွားနိုင်ရန် အိမ်ရာများတည်ဆောက်ပေးမည်ဟု ၎င်းက ကတိပြု ပြောဆိုသွားသည်။

ယနေ့နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံဝန်ထမ်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်ထုတ်ပြန်ပွဲ အခမ်းအနား၌ အဖွင့်မိန့်ခွန်း ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် မလုပ်၊ မရှုပ်၊ မပြုတ်များအတွက် နေရာမရှိကြောင်း၊ ပြည်သူ့ဝန်ထမ်းများသည် ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားသည့် အစိုးရအပေါ်တွင် တာဝန်ခံရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ “လူမှန်၊ နေရာမှန်” ဖြစ်လာစေရန် အစိုးရက ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ မဟာဗျူဟာစီမံချက်ဟာ ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းကို အခြေခံပြီး ချီးမြှင့်မြောက်စားမှုပြုတဲ့ ယဉ်ကျေးမှု အစဉ်အလာ ထွန်းကားရေး အရေးပါမှုကို အသိအမှတ်ပြုထားပါတယ်”ဟု ပြောဆိုခဲ့သည်။

အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိကဝန်ထမ်းများ၏ လစာများကို နှိုင်းယှဉ်ကြည့်ပါက အစိုးရဝန်ထမ်း အငယ်တန်းစာရေး၏ လစာသည် ၁ သိန်း ၅ သောင်းကျပ်နှင့် အဆင့်မြင့်ဆုံး အစိုးရဝန်ထမ်းဖြစ်သည့် ညွှန်ချုပ်လစာ ကျပ် ၅ သိန်း ရရှိချိန်တွင် ပုဂ္ဂလိကဌာနမှ ရုံးစာရေးဝန်ထမ်း လစာသည် အနည်းဆုံး ကျပ် ၂ သိန်း ၅ သောင်းမှ စတင်ပြီး အုပ်ချုပ်မှု မန်နေဂျာအဆင့် လစာသည် ကျပ် ၁၅ သိန်းမှ ၁၈ သိန်းကြားတွင် ရရှိနေသည် ပုဂ္ဂလိကဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မှ ဦးစီးအရာရှိတဦးက မိသားစု အဆင်ပြေစေရန် အစိုးရကိုချည်း အားကိုးမနေဘဲ နိုင်ငံဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ရုံးချိန်ပြင်ပ၌ ဝင်ငွေရနိုင်သည့် အခြားအလုပ်တခုကို လုပ်ဆောင်နေကြောင်း ဧရာဝတီကို ပြောသည်။

“ဆိုင်ကယ် ကယ်ရီလိုက်သွားတာမျိုး၊ လုံခြုံရေး ဝင်လုပ်ကြတာမျိုးတွေ ရှိကြတယ်။ အဓိကက သန့်စင်တဲ့ ပိုက်ဆံဖြစ်ဖို့ပဲ လိုတာ။ ပြီးတော့ ကိုယ့်သာ တကယ်တော်တတ်နေရင် နေရာကရလာမှာပဲ” ဟု ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကိုယ်ကျင့်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုနှင့် တန်းတူညီမျှသည့် အခွင့်အရေးများဆိုင်ရာ နိုင်ငံဝန်ထမ်းစစ်တမ်းအရ ဝန်ထမ်းအများစုသည် နိုင်ငံ့ဝန်ထမ်းဖြစ်ရသည်ကို ဂုဏ်ယူကြောင်း ဖြောကြားခဲ့ကြပြီး၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ကူညီလိုစိတ် ရှိကြကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိမ်းက အဆိုပါဖိုရမ်တွင် ပြောဆိုသည်။

“အခုလုပ်မယ့် မဟာဗျူဟာစီမံချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံဝန်ထမ်းကဏ္ဍကို ခေတ်မီဆန်းသစ်စေပြီး ပြုပြင်ပြောင်းလဲ ပေးနိုင်လိမ့်မယ်လို့ ကျနော် အခိုင်အမာယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

မဟာဗျူဟာစီမံချက်တွင် နိုင်ငံ့ဝန်ထမ်း အခန်းကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ စွမ်းဆောင်ရည် ပြည့်ဝရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ၄ နှစ် စီမံကိန်း ရေးဆွဲထားကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ သဘောထားစစ်တမ်း စတင်နိုင်ရန် UNDP ၏ အကူအညီနှင့်အတူ စတင်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading