ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ်အနီး ဖြစ်ပွားခဲ့သည့် YBS ၅၅ နှင့် ၃၇ ယာဉ်တိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီးနောက် YBS ၅၅ ယာဉ်လိုင်းမှ တဦးချင်းပိုင်ယာဉ်များကို ရပ်နားလိုက်ကာ ယာဉ်လိုင်းသစ် အဖြစ် ၃၇ ယာဉ်လိုင်းကို အစားထိုး ပြေးဆွဲထားကြောင်း သိရသည်။
YBS ၃၇ ယာဉ်လိုင်းကို ရန်ကုန် မြို့တွင်း ၆ ထပ်ရုံးရှေ့မှ နည်းပညာတက္ကသိုလ်- TU (မှော်ဘီ) ကျောင်းရှေ့အထိ ဇူလိုင် ၁၀ ရက်မှ စတင် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
“အမြဲတမ်းလိုင်းအနေနဲ့ ဆွဲမှာလားဘာလားဆိုတာ လောလောဆယ် ဘာမှမသိသေးဘူး။ အပေါ်ကနေ တာဝန်ပေးချက် အရ ၅၅ တွေ မရှိတော့တဲ့အတွက် ကျနော်တို့ကို ဒီနေ့ကစပြီး ဆွဲပေးပါဆိုလို့ ဒီနေ့စပြီး ဆွဲပေးတယ်။ ဘယ်လောက်ကြာ အောင် ဆွဲရမလဲဆိုတာတော့ မသိသေးဘူး” ဟု YBS ၃၇ ယာဉ်လိုင်း တာဝန်ခံတဦးက ဧရာဝတီကို ပြောသည်။
TU (မှော်ဘီ) အထိ ပြေးဆွဲမည့် အဆိုပါကားများတွင် TU (Hmawbi) စာတန်း အမှတ်အသားပါရှိပြီး အမှတ်အသား မပါသော ကားများမှာ မူလအတိုင်း ထောက်ကြန့်အထိသာ ရောက်ရှိမည်ဖြစ်ကြောင်း၊ ယာဉ်စီးခမှာ ထောက်ကြန့်မှ TU(မှော်ဘီ)ထိ ၂၀၀ ကျပ် ဖြစ်ပြီး မြို့ထဲခရီးစဉ်ပိုင်းမှာ မူလနှုန်းထားအတိုင်းဖြစ်ကြောင်း နည်းပညာတက္ကသိုလ် – မှော်ဘီကျောင်းသားများ သမဂ္ဂ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဇူလိုင် ၇ ရက် နေ့လည် ၃ နာရီခန့်က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပျဉ်းမပင်ကျေးရွာအုပ်စုအနီး ပြည်လမ်းမ အတိုင်း မှော်ဘီဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် YBS ယာဉ်အမှတ် ၅၅ သည် ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းအနီးအရောက်တွင် တဖက်ယာဉ်ကြောမှ မောင်းနှင်နေသည့်YBS ယာဉ်အမှတ် ၃၇ ကို မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်နှစ်စီးပေါ်တွင် ပါလာသည့် မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူ မခင်ပွင့်ဖြူအပါအဝင် ခရီးသည် ၁၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသည့် လူ ၃၀ ကျော် ရှိခဲ့ရာ အင်းစိန်ဆေးရုံ နှင့် မြောက်ဥက္ကလာပဆေးရုံကြီးတို့တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ၅၅ ယာဉ်လိုင်းမှ တဦးချင်းပိုင်ယာဉ်များကို ပြေးဆွဲခွင့်ရပ်နားလိုက်သော်လည်း အခြား ထိရောက်သည့် အရေးယူမှု၊ လုပ်ဆောင်မှုများအပေါ် အသေးစိတ် စီစဉ်ထားမှု ရှိ၊ မရှိ သိရှိရသေးပါ။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအပါအဝင် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ နာရေးပြီးဆုံးသည်အထိ လိုက်ပါကူညီဆောင်ရွက်ပေးနေပြီး ဆေးရုံတက် နေရသည့် ပြည်သူများ၏ လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အလွန်စိတ်ထိခိုက်ကြေကွဲရကြောင်း တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
“နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ mindset တွေကို တော်တော်ကြီးကို ပြုရပြင်ရခက်နေတာ သွားတွေ့နေရတယ်။ ဘယ်လို ဖြစ်ဖြစ် နောက်ပိုင်းမှာ ဒီလိုဆုံးရှုံးမှုတွေ မဖြစ်အောင်လို့တော့ ယာဉ်လိုင်းတွေ ယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီး တော်တော်ကို ထိထိမိမိ နဲ့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဆောင်ရွက်ရမယ့် အခြေအနေတခုကို ရောက်နေပြီ” ဟု ၎င်း က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ယခုဖြစ်စဉ်တွင် YBS ယာဉ်အမှတ် ၅၅ ကို ပိတ်သိမ်းလိုက်ခြင်းသည် ပထမဦးဆုံး အဆင့်အနေဖြင့် အရေးယူသည့် အဆင့်တခုသာဖြစ်ပြီး အလုံးစုံသော အဖြေမဟုတ်သေးကြောင်း၊ ယာဉ်မောင်းများနှင့် အနီးကပ်ပြောဆို ထိတွေ့ဆံဆက်ပြီး ၎င်းတို့၏စိတ်ခံစားမှုမျာကို နားထောင်ကာ PR သင်တန်းများပေးသင့်ကြောင်း ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က YBS ယာဉ်လိုင်းများ အားလုံးကို ကိုယ်ရကိုယ်ယူစနစ် ဖျက်သိမ်းပြီး ရှယ်ယာစနစ် သို့မဟုတ် ဝေပုံကျခွဲယူသောစနစ်ကို ပြောင်းလဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့်ရက်ကို မကြာခင် ကြေညာသွားမည်ဖြစ်ပြီး ညွှန်ကြားချက်ကို မလိုက်နာ သော ယာဉ်ပိုင်ရှင်များ၊ ယာဉ်လိုင်းတာဝန်ခံများကို ထုတ်ပယ်ပြီး ကုမ္ပဏီယာဉ်သစ်များနှင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက်တွင် ပြုလုပ် သည့် YBS ယာဉ်တိုက်မှုနှင့်ပတ်သက်သော အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။