ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းရှိ အစိုးရအဆောက်အအုံများနှင့် ပြည်သူလူထု သွားလာသည့် နေရာများတွင် ဗုံးခွဲ တိုက်ခိုက်ရန် အစီအစဉ် ရေးဆွဲထားသည်ဟု ရဲတပ်ဖွဲ့ဝင်များ၏ စွပ်စွဲချက်များအပေါ် KIA နှင့် TNLA တို့က ငြင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဇွန်လ ၈ ရက် ညပိုင်းတွင် လားရှိုးမြို့၌ ရဲတပ်ဖွဲ့ဝင်များက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းပြီး လားရှိုးမြို့တွင် ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်လျက်ရှိ ဟူသည့် လက်ကမ်းစာစောင် များကို လိုက်လံ ဝေငှသကဲ့သို့ မိုက်ကရိုဖုန်းများဖြင့်လည်း ရပ်ကွက်များအတွင်း လှည့်လည်ကာ သတိပေးခဲ့သည်ဟု သိရှိရသည်။
KIA မှ ပြောရေး ဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက “ KIO/KIA အနေနဲ့ ပြည်သူလူထု ထိတ်လန့်တာမျိုး၊ လူစုလူဝေးရှိတဲ့ နေရာမှာ အကြမ်းဖက်တဲ့ လုပ်ရပ်ကို ဘာမှ မလုပ်ဘူး။ Policy(မူဝါဒ)လည်း မရှိဘူး။ တပ်မတော်က သူတို့ဘာသာ လုပ်ပြီး KIA ဒါမှမဟုတ် TNLA တွေလုပ်တယ်ဆိုပြီး ပြောဖို့ အခုလို ကြိုတင် သတင်းတွေ လွှင့်နေတာလို့ မြင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုကဲ့သို့ စာစောင်များ လိုက်လံဖြန့်ဝေခြင်းမှာ KIA ကို နာမည်ပျက်အောင် မဟုတ်မမှန် သတင်းလွှင့်ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု အနေဖြင့် သွားလာရာတွင် သတိထားကာ ဂရုစိုက်ရန် လိုကြောင်း ၎င်းက ဆိုသည်။
လက်ကမ်းစာစောင်ထဲတွင် လားရှိုးမြို့အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် KIA သောင်းကျန်း သူအဖွဲ့က အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးကို ဗုံးဖောက်ခွဲရန် စေလွှတ်ထားကြောင်း၊ TNLA အဖွဲ့က စေလွှတ် ထားသည့် ဗုံးခွဲ ကျွမ်း ကျင်သူ ၂၀ ဦးခန့်ကလည်း ဗုံးခွဲတိုက်ခိုက်မည့် နေရာများကို ကြိုတင် လေ့လာနေကြောင်း ရေးသားထား သည်။
မြို့အတွင်း ဗုံးခွဲမည် ဟူသည့် သတိပေးချက်များကြောင့် ထိတ်လန့်နေရသည်ဟု လားရှိုးမြို့နေထိုင်သူ အချို့က ဧရာဝတီကို ပြောသည်။
လားရှိုးမြို့တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် ဒေါ်ခင်ခင်မာက “သားက လမ်းမှာ ဝေနေတာ ဆိုပြီး စာရွက်ယူလာတာ။ ညဘက် ရဲတွေ လိုက် အော်တာတော့ ကြားတော့ ကြားပါတယ်။ ကျမတို့လည်း သူတို့အော်တော့ သတိလေးတော့ ဖြစ်သွားတာပေါ့။ ကျန်တာတော့ ဘာမှ မကြားဘူး။ မြို့မှာတော့ အေးအေးချမ်းချမ်းပဲ ရှိချင်ပါတယ်” ဟု ပြောသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ဧရာဝတီက KIA နှင့် TNLA တို့ကို မေးမြန်းရာ ၎င်းတို့က အစီအစဉ် မရှိကြောင်း ငြင်းဆိုခဲ့သည်။
ထို့ပြင် ဗုံးခွဲတိုက်ခိုက်မည့် ပစ်မှတ်ထားရာ နေရာများမှာ လူစည်ကားရာ ဈေးများ၊ ကားဂိတ်များ၊ ဘူတာရုံများ၊ အစိုးရဌာနဆိုင်ရာ ရုံး အဆောက်အအုံများ ဖြစ်ကြောင်း၊ ထို့ကြောင့် မသင်္ကာသူများကို တွေ့ရှိပါက ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာသို့ အသိပေးပါ ရန် ဗိုလ်မှူးကြီးကျော်သန်းဆွေ (စစ်ဗျူဟာမှူး) ၀၉ – ၃၉၉၀၀၆၃၉ နှင့် စစ်ဘက်ရေးရာ လုံခြုံရေးဌာန ၀၃၃- ၃၆၀၂၃ ဟူ၍ ဖုန်းနံပါတ်များပါ ထည့်သွင်း ပေးထားကြောင်း သိရသည်။
TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကလည်း “ ပြည်သူလူထုတွေ ရှိတဲ့ နေရာကို လုပ်ဖို့ မရှိဘူး။ လုပ်တာလည်း မရှိဘူး။ တိုက်ပွဲဖြစ်တာတော့ မှန်တယ်။ လူထုကို ဦးတည်ပြီး တိုက်ခိုက်တာ တခါမှ မလုပ်ဘူး။ တိုက်ခိုက်မယ် ဆိုရင်တော့ တဖက်က တပ်တွေကိုပဲ တိုက်ခိုက်မှာ ဖြစ်တယ်” ဧရာဝတီကို ပြောသည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ ဧရာဝတီက လားရှိုး ရဲတပ်ဖွဲ့ဝင်များထံ မေးမြန်းရာ ၎င်းတို့က ဗုံးခွဲတိုက်ခိုက်မည့် သတင်းမှာ တပ်မတော်က တဆင့် ရရှိသည့် သတင်းအချက်အလက်ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
လားရှိုးခရိုင် ရဲတပ်ဖွဲ့ရုံးကို မေးမြန်းရာတွင်လည်း တိတိကျကျ မသိရှိကြောင်း၊ အသေးစိတ် သိလိုပါက စာရွက်တွင် ပါရှိသည့် ဖုန်း နံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့်လည်း ထိုကဲ့သို့ ဗုံးခွဲ တိုက်ခိုက်မည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေးပိုင်းတွင် ပိုမိုသတိထားနေရကြောင်း စခန်းတာဝန်မှူးက ပြောသည်။
ပြည်သူများထံ ဖြန့်ဝေထားသည့် စာရွက်တွင် ဆက်သွယ်ရန် ပေးထားသည့် တပ်မတော်မှ ဖုန်း နံပါတ်များကို ဧရာဝတီက ဆက်သွယ်ရာ တလုံးက စက်ပိတ်ထားပြီး ကျန်တလုံးမှာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသကဲ့သို့ သတင်းအချက်အလက် မေးမြန်းရန် တပ်မတော်၏ သတင်းပြန်ကြားရေး တာဝန်ခံများကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။
၂၀၁၇ ခုနှစ် မေလအတွင်းက လားရှိုးမြို့တွင်းရှိ ဟိုတယ်နှင့်ကုမ္ပဏီ ၁၀ ခုထံသို့ TNLA ဟုဆိုပြီး ကျည်ဆန် တတောင့်နှင့် အခွန် တောင်းသည့် စာများ ပေးပို့ထားသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ဖြစ်ပွားထားသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်ကလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် KIA ၊ TNLA ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့က လောက်ကိုင်မြို့နယ်အတွင်း ဝင်ရောက် စီးနင်းပြီး တပ်မတော်တပ်စခန်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ လူ ၃၀ခန့် သေဆုံးပြီး ပြည်သူလူထုနှင့် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း တသောင်းကျော် မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်ကလည်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့က မူဆယ်မြို့၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် နှင့် မုံးကိုးမြို့တို့ကို ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ အရပ်သား ၄၀ ကျော် သေဆုံးပြီး အိုးအိမ် အများအပြား ပျက်စီးခဲ့သည်။
KIAနှင့် TNLA တို့သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ဆက်လက် ဆွေးနွေးရန် ငြင်းဆိုထားပြီး မြောက်ပိုင်းမဟာမိတ် ၇ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အနေဖြင့်သာ သီးသန့် ဆွေးနွေးရန် အစိုးရထံ တောင်းဆိုထားသည်။
တပ်မတော်ကမူ TNLA ကို လက်နက်ကိုင် လမ်းစဉ်စွန့်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ပြောဆိုထားသည်။ KIA ၊ TNLA အပါအဝင် AA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ရှမ်းပြည်နယ် လွှတ်တော်တွင် သတ်မှတ်ထားသည်။