ဧရာဝတီတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် ယမန်နှစ်ထက် ၂ ဆနီးပါး မြင့်မားနေပြီး လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် လူ ၂၀ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။
တိုင်းကျန်းမာရေးဌာနမှ ကူးစက်ရောဂါ တိုက်ဖျက်ရေးတာဝန်ခံ ဒေါက်တာမြတ်မင်းထွန်းက “ ဧရာဝတီတိုင်းမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၀ ရှိတယ်။ အဖြစ်အများဆုံးက ဟင်္သာတခရိုင်ပါ။ ဒုတိယက မအူပင် ဖြစ်ပြီး၊ တတိယက ပုသိမ်ခရိုင် ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁၀ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁,၆၇၉ ဦး ရှိခဲ့ကြောင်းနှင့် ယမန်နှစ်က ရောဂါဖြစ်ပွားသူ ၈၀၀ ကျော်သာရှိခဲ့သည့်အတွက် ယခုနှစ် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် ယမန်နှစ်ထက် ၂ ဆခန့် မြင့်မားနေသည်။
သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးသူငယ် အများစုဖြစ်ပြီး၊ သွေးလွန်တုပ်ကွေးကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်တွင်း သွေးယိုစီးခြင်း၊ သွေးလန့်ခြင်းနှင့်အတူ ဆေးရုံဆေးခန်းသို့ ပို့ဆောင်မှု နောက်ကျခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း တိုင်းကျန်းမာရေးဌာနက ပြောသည်။
ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့ရှိ ခုတင် ၅၀၀ ဆေးရုံကြီး၌ ဇွန်လတလတည်းမှာပင် သွေးလွန်တုပ်ကွေးလူနာ ၁၃၉ ဦး တက်ရောက်ကုသခဲ့ပြီး ကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုအများဆုံးမှာ ဝါးခယ်မမြို့နယ်ဖြစ်ပြီး ယခုနှစ်အတွင်းလူ ၄ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း တိုင်းကျန်းမာရေးဌာနက ပြောသည်။
ပုသိမ်ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်တဦးက “သွေးလွန်တုပ်ကွေးလူနာက ဇွန်လနဲ့ ဇူလိုင်လမှာ တအားများလာတယ်။ အခုဆိုရင် ပုသိမ်ဆေးရုံ ကလေးဆောင်မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးလူနာတွေ ပြည့်နေလို့ နေရာချပေးဖို့တောင် မဆန့်တော့ဘူး။ အဲဒီတော့ တခြားအဆောင်တွေမှာပါ နေရာချထားပေးနေရတယ်” ဟု ပြောသည်။
သွေးလွန်တုပ်ကွေး ရောဂါမှာ ၂ နှစ် ၃ နှစ်လျှင်တကြိမ် ကပ်ရောဂါအသွင်နှင့် ဖြစ်ပွားနှုန်း မြင့်မားတတ်သဖြင့် ယခုနှစ်တွင် အဘိတ်ဆေး (ပိုးလောက်လန်း သေသည့်ဆေး) များ ကြိုတင်ဖြန့်ဖြူးထားခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် စာသင်ကျောင်းများနှင့် ရပ်ရွာများထဲတွင် သွေးလွန်တုပ်ကွေး ကာကွယ်ရေး ပညာပေးဟောပြောမှုများ ကြိုတင်လုပ်ဆောင် ထားခဲ့ကြောင်း တိုင်းကျန်းမာရေးဌာနမှ ဒေါက်တာမြတ်မင်းထွန်းက ပြောသည်။
“သွေးလွန်တုပ်ကွေးက ၂ နှစ်တခါ၊ သုံးနှစ်တခါ ကပ်ရောဂါအသွင်နဲ့ ဖြစ်တတ်လေ့ရှိတော့ ဒီနှစ်လည်း ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်မှုတွေ ပညာပေးမှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ အခုလို ရောဂါဖြစ်ပွားမှု များလာချိန်မှာ ပိုပြီးအရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သွေးလွန်တုပ်ကွေး ကာကွယ်ဖို့က ကျနော်တို့ ကျန်းမာရေး ဌာနတစ်ခုတည်းနဲ့ မလုပ်နိုင်ပါဘူး။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်တွေကို ပြည်သူလူထုတွေ ပူးပေါင်းပါဝင်မှသာ ဒီရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြတ်မင်းထွန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စံချိန်တင်မှတ်တမ်းအဖြင့် ၂၀၁၅ ခုနှစ်တွင် လူပေါင်း ၆ ထောင်ကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့ပြီးလူ ၄၉ ဦး သေဆုံးခဲ့သည်။