ရှမ်းပြည်နယ်တွင် ကိုလိုနီခေတ် မတရားသင်းဥပဒေဖြင့် သတင်းသမား ၃ ဦး အဖမ်းခံရပြီးနောက် ထိုဥပဒေ ပြင်ဆင်ရေးကို စဉ်းစားရမည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောသည်။
မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) အရ သတင်းသမား ၃ ဦး အဖမ်းခံရသော ကိစ္စနှင့် ပတ်သက်၍ သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဦးရွှေမန်းက “ထိုဥပဒေကို ပြင်ဆင်ရန် ကျနော်တို့ စဉ်းစားရမည်” ဟု ဖော်ပြသည်။
ထိုအမှုနှင့် ပတ်သက်ပြီး အသေးစိတ်ကို သူမသိရသေး ဟု ဦးရွှေမန်းက ပြောသော်လည်း ၁၉၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ထိုဥပဒေ ပြင်ဆင်ရေးကို “အလေးထား ဆောင်ရွက်ရမည်၊ နိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အဓိက ထားနေစဉ်တွင် သက်ဆိုင်ရာ ဘက်အသီးသီးတို့သည် ၎င်းတို့၏ လုပ်ရပ်နှင့် အပြောအဆိုများကို ထိန်းသိမ်းသင့်သည်” ဟု ဦးရွှေမန်းက ပြောသည်။
အလားတူ မတရားသင်းဥပဒေကို ကိုလိုနီဘဝက ပြဋ္ဌာန်းခဲ့သော အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် နောင်တွင် ထိုဥပဒေကို ပြင်ဆင်ခဲ့ကြောင်းလည်း သူက ကိုးကားပြောကြားသည်။
ဧရာဝတီ သတင်းဌာနမှ ကိုလဝီဝမ် ခေါ် ကိုသိန်းဇော်နှင့် ဒီမိုကရက်တစ် မြန်မာ့အသံမှ ကိုအေးနိုင်နှင့် ကိုပြည့်ဖုန်းအောင် တို့သည် အခြားသူ ၃ ဦးနှင့်အတူ တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ဆက်သွယ်သည် ဟု စွပ်စွဲခံရကာ ထိုဥပဒေဖြင့် တရားစွဲဆို ခံရသည်။
ထို သတင်းသမားများသည် TNLA နယ်မြေတွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံတကာမူး ယစ်ဆေးဝါး အလွဲသုံးမှု ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သွားရောက် သတင်းယူခဲ့ကြသည်။ ပုဒ်မ ၁၇ (၁) ကို ချိုးဖောက်သူများသည် မတရားသင်းများကို အကျိုးပြုသူ သို့မဟုတ် လုပ်ငန်းများကို ကူညီသူ အဖြစ် ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ် နှင့် ဒဏ်ငွေ ကို ရင်ဆိုင်ကြရသည်။
ပဋိပက္ခဒေသများ၊ အထူးသဖြင့် လူမျိုးစုဒေသများမှ ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ရန် ထိုအက်ဥပဒေ ပုဒ်မ ၁၇ (၁) ကို အာဏာပိုင်များက အသုံးချနေသည်မှာ ကာလကြာမြင့်လှပြီ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များ အကဲဖြတ်ကော်မရှင်သည် ထိုဥပဒေကို ပြန်လည် သုံးသပ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်အုန်းက ပြောသည်။
သောကြာနေ့က ကျင်းပသော ကော်မရှင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးရွှေမန်းက ထိုခေတ်မမီတော့သည့် ဥပဒေကို ပြင်ဆင်ရန် ကော်မရှင် အဖွဲ့ဝင်များကို ညွှန်ကြားထားသည် ဟုလည်း ၎င်းက ပြောသည်။
“ကျနော်တို့ ကတော့ ဒီဥပဒေဟာ နိုင်ငံသားတွေနဲ့သူတို့ရဲ့ ရပိုင်ခွင့်တွေ အတွက် အကျိုးပြုလား၊ ဒီမိုကရေစီ အပြောင်း အလဲမှာ ကျိုးကြောင်း ဆီလျော်လား ဆိုတာ စဉ်းစားသုံးသပ်မယ်။ အသင်းအဖွဲ့ တခုဟာ ဘယ်လိုဆိုရင် တရားဝင်တယ်၊ ဘယ်လိုဆိုရင် တရားမဝင်ဘူးလဲ ဆိုတာ ကျနော်တို့ အဓိပ္ပာယ် ဖွင့်ဆိုမယ်။ ကျနော်တို့နဲ့ ပြန်လည် မသင့်မြတ်တာနဲ့ မတရားသင်းလို့တော့ မသတ်မှတ်နိုင်ဘူး” ဟု ပြောပြီး ထိုကိစ္စသည် လူမျိုးစု လက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလအတွင်း အရေးပါသည်ဟု သူက ပြောသည်။