မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာ မြောက်ဘက်၊ င နယ်မြေ၊ ပြည်သာယာ ၂ လမ်းနှင့် ၃ လမ်းရှိ အိမ်အမှတ် ၄၄ တွင် နေထိုင်သူကို ဓားဖြင့် ဝင်ခုတ်ကာ ရိုက်နှက်သွားသည့် အမည်မသိသူ များကို ဖမ်းဆီးနိုင်ရန် စိစစ်နေဆဲ ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက်နေ့ ည ၁၁ နာရီခန့်က ပြည်သာယာ ၂ လမ်း နှင့် ၃ လမ်းကြားရှိ အိမ်အမှတ် ၄၄ တွင် ရှိနေသည့် ကိုလှအောင် (ခ) မူဟမ္မဒ်အလီကို အမည်မသိသူ ၅ ဦးက ဓားဖြင့် ဝင်ခုတ်သဖြင့် နဖူး၊ မျက်နှာတို့တွင် ဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများရရှိကာ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသနေရကြောင်း သိရသည်။
“မနေ့ညကမှ ဖြစ်တာဆိုတော့ လတ်တလော ပေါ်ပေါက်ချက်အရ အမည်မသိသူ ၅ ဦးဆိုပြီးတော့ပဲ ရောက်လာတယ်။ လောလောဆယ်မှာ ဘယ်သူတွေ လုပ်သွားတယ်ဆိုတာကို စိစစ်နေတယ်။ အမှုကတော့ အမှတ် ၃ ရဲစခန်းအပိုင်ဖြစ်လို့ အဲဒီမှာ ဖွင့်ထားပါပြီ။ ထိသွားတာကတော့ ကိုလှအောင် ဆိုသူ တဦးတည်းပါ။ အွန်လိုင်းမှာ ပျံ့နှံ့နေသလို မဘသ အဖွဲ့က လူတွေ ဝင်လုပ်တာ မဟုတ်ဘူး။ မဘသဘုန်းကြီးတွေလည်း မပါဘူး။ မဆိုင်ပါဘူး” ဟု မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဓားခုတ်မှု ဖြစ်စဉ်တွင် ဓားဖြင့် ခုတ်ခံရသူ ကိုလှအောင်(ခ) မူဟမ္မဒ်အလီ ဆိုသူက ဗုဒ္ဓဘာသာဝင်တဦးပိုင်ဆိုင် သည့် မြေကို ဝယ်ယူခဲ့ပြီးနောက် ယင်းနေအိမ်တွင် မွတ်ဆလင် လူမျိုးကို ထားသည်ဟုဆိုကာ မဘသ အဖွဲ့ဝင်ဖြစ်သည့် မောင်ဝင်း ဆိုသူနှင့် အပေါင်းအပါများက ဓားဖြင့် ဝင်ခုတ်ခြင်းဖြစ်ကြောင်း အွန်လိုင်းစာမျက်နှာများထက်တွင် ကောလဟလများ ပျံ့နှံ့လျက်ရှိသော်လည်း ရဲတပ်ဖွဲ့က အဆိုပါအချက်အလက်ကို အတည်ပြုပြောကြားခြင်း မရှိပါ။
လက်ရှိတွင် ယင်းအမှုကို မိတ္ထီလာမြို့နယ် အမှတ် ၃ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၄၅၁၊ ၃၂၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ကျုးလွန်သူများကို ဖမ်းဆီးနိုင်ရန် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။
မိတ္ထီလာ မြို့နယ် မဘသအဖွဲ့မှ ဥက္ကဋ္ဌ ဆရာတော် ဘဒန္တ သာမိက ကလည်း ယမန်နေ့ညကမှ ဖြစ်စဉ်တွင် မဘသအဖွဲ့များ ပါဝင်သည်ဟု မကြားထားကြောင်း၊ ဖြစ်စဉ်ကိုလည်း လုံးဝမသိရှိပါကြောင်း ငြင်းဆိုထားသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့သည် ၂၀၁၃ ခုနှစ်က ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားထားဖူးသည့် ဒေသဖြစ်သဖြင့် အလားတူ ပြဿနာများ ထပ်မံပေါ်ပေါက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။