အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင်ရှောက်ရေးအဖွဲ့၏ မန္တလေးတိုင်းအဖွဲ့ခွဲ (မန်း-မဘသ) က ၎င်းတို့၏ ဆိုင်းဘုတ်များကို လုံးဝ (လုံးဝ) ဖျက်သိမ်းမည်မဟုတ်ကြောင်း ဇူလိုင် ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်ကို မန်းမဘသအဖွဲ့၏ ဦးဆောင်ဆရာတော်များက လက်မှတ်ရေးထိုးထားကြပြီး အမျိုးသားရေး ဆရာတော် ဦးဝီရသူ၏ လက်မှတ်လည်း ပါဝင်သည်။
မန်း မဘသ အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် မန္တလေးတိုင်းဒေသကြီး မဘသ၏ ဆိုင်းဘုတ်ကို လုံးဝ ဖျက်သိမ်းမည် မဟုတ်ကြောင်း၊ ရပ်တည်ချက်အပေါ် အပြည့်အဝ တာဝန်ယူကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ထောင်စု ဥပဒေများကို ကျော်နင်း၍ မဟန ကြေညာချက် တခုတည်းနှင့် မဘသ ဆိုင်းဘုတ်အား အကြမ်းဖက် ဖြိုခွင်းမှုများ ပြုလုပ်လာပါက နောက်ဆက်တွဲ ပြဿနာ အရပ်ရပ် အတွက် အစိုးရမှာသာလျှင် တာဝန်ရှိကြောင်း ဖော်ပြထားသည်။
“မဟနက မဘသ ဆိုင်းဘုတ်တွေကို အာဏာစက်သုံးပြီး ဖြုတ်ခိုင်းလို့ မရဘူး။ အာဏာစက်ကို သုံးချင်ရင် ပြည်ထဲရေးက လုပ်ရမယ်။ ပြည်ထဲရေးကလည်း အစိုးရက ခိုင်းမှ လုပ်လို့ရမယ်။ ဒီတော့ အစိုးရက ဒါကို လုပ်တယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၄ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ထောင်စု ဥပဒေတွေကို ကျော်လုပ်တာ ဖြစ်တဲ့အတွက် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို အစိုးရက တာဝန်ယူရလိမ့်မယ်” ဟု ဦးဝီရသူက မိန့်သည်။
၎င်းက “ဦးဇင်းတို့ကတော့ မဘသ နာမည်ကို တစက်မှ အစွန်းမခံ၊ အထိမခံနိုင်ပါဘူး။ ဒီနာမည်ကို ကာကွယ်သွားမှာ ဖြစ်သလို၊ ဒီမဘသ အဖွဲ့ကြောင့် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ထိပါးစေမယ့် ကိစ္စတွေ မဖြစ်စေရဘူးလို့ လုံးဝ အာမခံပါတယ်” ဟု ဆက်မိန့်သည်။
တချိန်တည်းမှာပင် ကရင်ပြည်နယ် မဘသ အဖွဲ့ကလည်း ကရင်ပြည်နယ်အတွင်း မဘသ ဆိုင်းဘုတ်များကို လာရောက် ဖျက်သိမ်းမည်ဆိုပါက တည်ဆဲဥပဒေများအတိုင်း အရေးယူမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေငြာထားသည်။
ကရင်ပြည်နယ် မဘသ ဆိုင်းဘုတ် ဖြုတ်ချရန် အစီအစဉ် မရှိတော့သည့်အပေါ်ကိုလည်း ဗုဒ္ဒ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဦးဆောင်ဆရာတော် ဒေါက်တာသောပါက က “ဗဟိုက ဖောင်ဒေးရှင်း အမည်နဲ့သွားဖို့ ဆုံးဖြတ်ထားပေမယ့် အားလုံး ဒီလိုပဲ လိုက်လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး၊ အခု လည်း သူတို့ရဲ့သဘောအတိုင်း ဆုံးဖြတ်တာကို ဘာမှ ပြောစရာမရှိပါဘူး”ဟု ဇွန်လအတွင်းက ဧရာဝတီသို့ မိန့်ကြားထားသည်။
မဘသ အဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ရခိုင်ပြည်နယ်၊ လားရှိုး၊ မိထ္ထီလာ၊ မန္တလေးမြို့တို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ အပြီးတွင် အမျိုးသားရေးကိစ္စရပ်များ လုပ်ဆောင်ရန်ဆိုကာ ဖွဲ့စည်းခဲ့သည်။
မဘသအဖွဲ့အနေဖြင့် တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်ဟုဆိုကာ တနိုင်ငံလုံးရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက်နေ့နောက်ဆုံးထား ဖြုတ်ချရန်၊ မဘသ အမည်ကို ဆက်လက်သုံးစွဲခြင်း မပြုရန် မဟန က မေလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး မဘသ ဥက္ကဋ္ဌ ဆရာတော် ကိုယ်တိုင် ဆုံးဖြတ်ချက်ကို လိုက်နာရန် ခံဝန်လက်မှတ် ရေးထိုးခဲ့သည်။
မဟန ၏ ဆုံးဖြတ်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါကလည်း ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့်အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာတည်ဆဲဥပဒေ များဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူရန်လည်း ညွန်ကြားထားသည်။
ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် မဘသအဖွဲ့၏ ညီလာခံတွင် မဘသ နာမည်အစား ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်သို့ ပြောင်းလဲ ဖွဲ့စည်းထားသည့် အဖွဲ့တခု ဖြစ်သည်။