ဧရာဝတီမြစ်ရေသည် ယခုရက်ပိုင်းအတွင်း မြို့နယ်၆ မြို့နယ်၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ထုတ်ပြန်ထားတဲ့ ၆ စခန်းရှိတယ်။ တချို့တွေကတော့ နောက်တရက်၊ ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်သွားမယ့် အနေအထား ရှိတယ်။ ပခုက္ကူတို့၊ ညောင်ဦးတို့က ဧရာဝတီမြစ်ရေတင် မဟုတ်ဘူး။ ချင်းတွင်းမြစ်ဘက်က ဆင်းလာတဲ့ ရေပါပေါင်းတဲ့ အခါကျတော့ နောက် ၂ ရက်လောက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်သွားမယ့် အနေအထား ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဧရာဝတီမြစ်ရေ ဝင်ရောက်နိုင်သည့် မြို့များမှာ ကသာ ၊ ဟင်္သာတ ၊ ဇလွန် ၊ ရွှေကူ ၊ ပခုက္ကူ ၊ ညောင်ဦးမြို့တို့ ဖြစ်ကြောင်း သိရသည်။
ယင်းဧရာဝတီမြစ်ရေသည် ရွှေကူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်မြို့များတွင် နောက်၂ ရက်မှ ၄ ရက်အတွင်း စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေမှာလည်း ချင်းတွင်းမြစ်ရိုး တလျှောက်ရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ စသည့် မြို့များတွင် နောက် ၁ ရက်မှ ၃ ရက်အတွင်း စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပြီး ရေအမြင့် ၁ ပေမှ ၂ ပေခန့် ဆက်လက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ပခုက္ကူမြို့နယ်တွင် ကျေးရွာအုပ်စု ၅၅ အုပ်စုရှိပြီး ရေဘေးရှောင်အဖွဲ့များ ဖွဲ့ထားကြောင်း ပခုက္ကူမြို့နယ် အထွေထွေ အုုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ဧရာဝတီသို့ ပြောသည်။
“ ဥယျာဉ်ကျေးရွာမှာ လူကယ်ပြန်နဲ့ ပေါင်းပြီး မိုးကာတဲတွေ ဆောက်ထားတယ်။ လူ ၃၀၀ စာလောက် ဆံ့မယ်။ ပခုက္ကူ မြို့နယ်မှာ ရှိတဲ့ ရေဝင်တဲ့ ကျေးရွာအားလုံးကို အုပ်စု ၅ စု ခွဲပြီးတော့ ရွှေ့ပြောင်းဖို့ ကြေညာထားပါတယ်။ အခု ဥယျာဉ်ရွာ စခန်းနားမှာရှိတဲ့ ကျေးရွာတွေက ပြောင်းလာပြီ ” ဟု ၎င်းက ဆိုသည်။