ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ ဈေးဆိုင်များထံမှ ငွေကြေးကောက်ခံနေသည့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ဝင်၂ ဦးကို ဇူလိုင်လ ၁၀ ရက်က ပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် TNLA အဖွဲ့ဝင် ၂ ဦးဖြစ်သည့် မိုင်းအိုက်ဦးနှင့် အိုက်စံအောင်တို့သည် နမ့်ခမ်းမြို့အတွင်းရှိ အရပ်သားဈေးဆိုင်များတွင် ဆက်ကြေးများ အဓမ္မလိုက်လံကောက်ယူနေကြောင်း သတင်းရရှိသဖြင့် တပ်မတော်က ကင်းပုန်းဝပ် လုံခြုံရေးယူနေစဉ် ၎င်းတို့ ၂ ဦးကို တွေ့ရှိသဖြင့် စစ်ဆေးရန် ပြောဆိုရာတွင် စစ်ဆေးမခံပဲ ဓားဖြင့်တိုက်ခိုက်ပြီး ဆိုင်ကယ်မောင်းထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ၎င်းတို့အနေဖြင့် ဆက်ကြေးကောက်ခံခြင်း လုံးဝမရှိကြောင်း၊ TNLA နယ်မြေထဲ၌သာ ထိုက်သင့်သည့်အခွန်များ ကောက်ခံနေကြောင်း၊ တပ်မတော်က ပစ်ခတ်ဖမ်းဆီးလိုက်သူ ၂ ဦးကိုလည်း TNLA က အခွန်ကောက်ရန် စေလွှတ်ထားသူများ ဟုတ်မဟုတ်ကို ပြန်လည်စီစစ်နေကြောင်း တုံ့ပြန်ပြောဆိုသည်။
“ကျနော်တို့ သတင်းလိုက်ကြည့်တဲ့အခါ ကျနော်တို့အကောက်ခွန်ထဲကနေတဆင့် သုံးထားတဲ့သူတွေ ဖြစ်နိုင်တယ်လို့ လောလောဆယ် သိရတယ်။ အတိအကျ ဘယ်သူဖြစ်တယ် ဆိုတာကတော့ အောက်ခြေကို မေးမြန်းစီစစ်ထားဆဲ ဖြစ်ပါတယ်” ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောသည်။
ယင်းသို့ တပ်မတော်က ပစ်ခတ်ဖမ်းဆီးရာတွင် TNLA အဖွဲ့ဝင် ၂ ဦးအနက် အိုက်စံအောင်မှာ သေနတ်ဒဏ်ရာဖြင့် နမ့်ခမ်းမြို့ နယ်မြေခံတပ်ဆေးခန်းတွင် သေဆုံးသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းတို့ ၂ ဦးနှင့်အတူ ငွေကျပ် ၁၀ သိန်း ၂ သောင်း ၂ ထောင်၊ ဆက်ကြေးကောက်ထားသည့် ဆိုင်အမည်၊ ဖုန်းနံပါတ်နှင့် ငွေစာရင်းများ ရေးသားထားသည့် စာရွက် ၂ ရွက်၊ ဖုန်း ၂ လုံး၊ ဓားမြှောင် ၁ ချောင်းနှင့် လိုင်စင်မဲ့ ဆိုင်ကယ် ၁ စီးတို့ကို ရရှိထားသည်ဟု ဆက်လက်ဖော်ပြထားသည်။
ဒီမိုကရေစီအစိုးရ စတင်ပေါ်ပေါက်ပြီဖြစ်သည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နောက်ပိုင်း TNLA က နိုင်ငံတော်နှင့် ပလောင်ဒေသခံ ပြည်သူများအပေါ် လူသတ်ခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်သည့်အပြင်၊ သမာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေသည့် ပြည်သူများထံမှ မတရား ဆက်ကြေးကောက်ခံနေသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှ ယနေ့အထိ မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက အခွန်များတိုးမြှင့်ကောက်ခံလာသကဲ့သို့ ယခင်ထက်လည်း ပိုမိုတင်းကျပ်လာသည်ဟု ဟိုတယ်လုပ်ငန်းရှင်တချို့နှင့် ကုန်သည်တချို့က ဧရာဝတီကို ပြောသည်။
၂၀၁၇ ခုနှစ်၊ မတ်လအတွင်း လားရှိုးမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ကုမ္ပဏီ ၁၀ ခုကို TNLA အဖွဲ့မှဟုဆိုကာ နှစ်စဉ်အခွန်ငွေပေးဆောင်ရန် စာနှင့်ကျည်ဆန်တတောင့်စီ ပေးပို့ခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားမှုများ ရှိခဲ့သည်။ လာရှိုးမြို့ရှိ ဟိုတယ်မန်နေဂျာတဦးက TNLA က ၎င်းတို့ထံ နှစ်စဉ် ငွေကြေးကောက်ခံနေကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
TNLA အနေဖြင့် လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် တော်လှန်ရေး ရန်ပုံငွေအဖြင့် အခွန်များကောက်ခံကြောင်း၊ အခွန်ကောက်ခံရာတွင် TNLA က တောင်းသည့် ငွေပမာဏကို အခက်အခဲမရှိ ပေးနိုင်မည့်သူများကိုသာ ရွေးချယ်ပြီး အခွန်ထမ်းဆောင်ခိုင်းခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆိုသည်။
“သိပ်ခက်ခဲမယ့်သူတွေ ကျနော်တို့ကို အခွန်ပေးရလို့ စီးပွားရေး ထိခိုက်သွားမယ့်သူမျိုးတွေကို ကျနော်တို့ အခွန်မကောက်ပါဘူး။ ကြည့်ပြီး ထိုက်တန်တဲ့အခွန်ကို ကျနော်တို့ရဲ့ ဥပဒေစည်းမျဉ်းအရ ဘောင်ချာတွေ ဖြတ်ပိုင်းတွေ သေချာဖြတ်ပေးပြီးတော့မှ အခွန်ကို စနစ်တကျကောက်ခံတာ ဖြစ်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်က လားရှိုးမြို့နှင့် သိန်းနီမြို့တို့အတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် TNLA တို့က မြို့အတွင်း ဗုံးများဖောက်ခွဲရန် လူမျာလွှတ်ထားသဖြင့် မသင်္ကာသူများတွေ့လျှင် အကြောင်းကြားပါဟု ဖုန်းနံပါတ်များနှင့်တကွ သတိပေးသည့် လက်ကမ်းစာများကို ပြည်သူလူထုထံ ဖြန့်ဝေခဲ့သည်။
ထိုသတိပေးစာတွင် လားရှိုးမြို့နယ်အတွင်းရှိ လူစည်ကားရာ ဈေးများ၊ ကားဂိတ်များ၊ ဘူတာရုံများ၊ အစိုးရ ဌာနဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထားနေကြောင်း၊ သိန်းနီမြို့နယ်အတွင်း နမ္မတူတံတား၊ ရေပူစစ်ဆေးရေးဂိတ် ၊ ဌာနဆိုင်ရာရုံးများ၊ ဈေးနှင့် Toll Gate များကို ဖောက်ခွဲဖျက်ဆီးရန် စီစဉ်နေကြောင်း ရေးသားထားသည်။ KIA နှင့် TNLA က ဗုံးဖောက်ခွဲရန် အစီအစဉ်မရှိကြောင်း ပြန်လည်ငြင်းဆိုထားသည်။
TNLA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ချုပ်ဆိုနိုင်ရန် ဆွေးနွေးရေးအတွက် တောင်းဆိုသော်လည်း တပ်မတော်က လက်နက်ကိုင်လမ်းစဉ်စွန့်မှ ငြိမ်းချမ်းရေးလာဆွေးနွေးပါဟု ပြောဆိုထားသဖြင့် ညှိနှိုင်းမှုအဆင်မပြေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည်။