သတင်း

အိမ်အကူ မိန်းကလေးကို ရိုက်နှက်သည့် လင်မယား အာမခံပေးလိုက်၍ တရားလိုမကျေနပ်

ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော်ရှိ အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ရိုက်နှက်နှိပ်စက်သည့် အိမ်ရှင်လင်မယားကို အပြင်းအထန်နာကျင်စေမှုဖြင့် ဖမ်းဆီးအရေးယူထားရာမှ ပုဒ်မပြောင်းလဲလိုက်ကာ အာမခံဖြင့် ရဲတပ်ဖွဲ့က လွှတ်ပေးလိုက်သည့်အတွက် တရားလိုဘက်မှ ကျေနပ်မှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ အေ ၆ လမ်း၊ တိုက် ၁၁၊ အခန်း ၄၀၂ တွင် နေထိုင် သည့် အသက် ၃၃ နှစ်အရွယ် ထွန်းထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ မြတ်နိုးသူတို့ လင်မယားတို့ကို ၎င်းတို့နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေသည့် မိန်းကလေးကို ရိုက်နှက်နှိပ်စက်သဖြင့် ပြီးခဲ့သည့် ဇွန် ၃ ရက်က ဖမ်းဆီးခဲ့ပြီး ဇွန် ၄ ရက်တွင် အပြင်းအထန် နာကျင်စေမှုဖြင့် ပုဒ်မ ၃၂၆၊ ပုဒ်မ ၃၂၅၊ ပုဒ်မ ၁၁၄ တို့ဖြင့် ၉၄ ရပ်ကွက် အေ ၆ လမ်း လမ်းမှူး ဦးမျိုးတင့်နိုင် က တရားလို ပြုလုပ်ကာ ဒဂုံဆိပ်ကမ်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားလို ဦးမျိုးတင့်နိုင်က “အရင်စွဲထားတဲ့ ပုဒ်မ ၃၂၆ ကို ၃၂၄ ပြောင်းပြီး အာမခံပေးလိုက်တယ်။ ဒါကို မကျေနပ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဆီလာပြီး အကူအညီတောင်းတာပါ။ ဒီလောက်လုပ်ထားတဲ့ ဒဏ်ရာကြီးကို သာမန် နာကျင်စေမှု လုပ်လိုက်တယ်။ အရင်အတိုင်း ပုဒ်မ ၃၂၆ ပြန်ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး နောက်ထပ် ကလေးတွေမှာ ညှဉ်းပန်းနှိပ်စက်တာတွေ ဖြစ်လာမှာစိုးလို့။ ဒီလောက်လုပ်တာတောင် ဒါလောက်ပဲ အရေးယူတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားရင် နောက်ပိုင်း ဒီပုံစံမျိုးလုပ်လာကြမှာကို မဖြစ်စေချင်ဘူး” ဟု ရှင်းပြသည်။
ရိုက်နှက်နှိပ်စက်မှုကြောင့် အိမ်အကူမိန်းကလေးငယ်၏ ရင်ဘတ်၊ ကျောကုန်း၊ လက်ဝဲနှင့် လက်ယာဘက် လက်မောင်း၊ လက်ယာဘက်ပေါင်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဦးခေါင်း၊ လက်ဝဲနှင့် လက်ယာခြေထောက်တို့တွင်လည်း ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဒဂုံဆိပ်ကမ်း ရဲစခန်းသည် အမှုကျူးလွန်သူ အိမ်ရှင်လင်မယားကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၅ ရက်နေ့တွင် ရမန် ယူခဲ့ကြောင်း၊ ယခု ဇူလိုင် ၃ ရက်တွင် တရားရုံးစွဲတင်ပြီးနောက် ပုဒ်မ ၃၂၆ မှ ၃၂၄ အဖြစ်ပြောင်းလဲပြီး အာမခံဖြင့် လွှတ်ပေးထားခြင်း ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုအပါအဝင် ရပ်ကွက်နေပြည်သူများက မကျေနပ်သဖြင့် တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထံသို့ ယနေ့မနက်ပိုင်းက သွားရောက် အကူအညီတောင်းခဲ့ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ရိုးရိုးသာမန်နာကျင်စေမှုဆိုပြီး အာမခံပေးလိုက်လို့ ပြည်သူများ က မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စ အမှုမှန် ပေါ်ပေါက်ရေးအတွက် သေချာစီစဉ်ဆောင်ရွက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဆီ တင်ပြသွားမယ်။ ကလေး ရဲ့ဒဏ်ရာတွေကိုကြည့်ပြီး ကိုယ့်ရဲ့သမီးများသာ ဆိုရင်ဆိုတဲ့အတွေးက ရင်ကို နင့်စေပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် တရားဥပဒေစိုးမိုးမှုရှိအောင် အစွမ်းကုန် ကြိုးစားသွားမယ်” ဟု ပြောသည်။

အဆိုပါကိစ္စကို လူမှုရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌတို့ထံ အစီရင်ခံစာ တင်ပြသွားမည် ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး အတွက်လည်း ကြိုးပမ်းပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ရိုက်နှက်နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေးငယ်ကို ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တောဂရက် ကျေးရွာအုပ်စုမှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည်မှာ ရက်ပေါင်း ၂၇ ရက်ခန့်သာ ရှိသေးကြောင်း၊ ရရှိထားသည့် ဒဏ်ရာများကြောင့် ဇွန် ၁၆ ရက်အထိ ဆေးရုံတက်ကုသခဲ့ရပြီး ယခုအခါ ကျောင်းတက်နိုင် ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

ပုဒ်မပြောင်းလဲလိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုရန် ဒဂုံဆိပ်ကမ်းရဲစခန်းသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

ဆက်စပ်ဖတ်ရှုရန် – အသက် ၁၃ နှစ်အရွယ် အိမ်အကူကို နှိပ်စက်သည့်လင်မယားကို ဖမ်းဆီးအရေးယူ

Loading