ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် မိမိနေထိုင်ရာ ခရိုင်ရုံးများတွင် ၁၅ ရက် အတွင်း အလုပ်ရှင်နှင့်အတူ သွားရောက်ကာ နိုင်ငံသားစိစစ်ခြင်း အထောက်အထား (CI) ကတ် လုပ် ဆောင်နိုင်ကြောင်း Bangkok post သတင်းမှ သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပန်းရောင်ကတ် ကိုင်ဆောင်သူ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် CI ဟု ခေါ်သည့် နိုင်ငံသားစိစစ်ခြင်း အထောက်အထားကို စီအိုင်ထုတ်ပေးရေး စခန်းများတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယင်းစခန်းများကို တပ်ခ်ခရိုင်၊ ချင်းမိုင်၊ ချင်းရိုင်၊ နခွန်စဝမ်ခရိုင်များတွင် တခုစီနှင့် စမွတ်ဆခွန် အရပ်တွင် နှစ်ခု ဖွင့်လှစ် လုပ်ဆောင်ပေးသွားမည် ဖြစ်ကာ ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ ၁၅ ရက်တာ အတွင်းသာ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့အတွက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် သတ်မှတ်ရက်အတွင်း နိုင်ငံကူးလက်မှတ် ပြန်လုပ်ရန်နှင့် ထိုင်း နိုင်ငံအတွင်း ထုတ်ပေးနေသော မည်သူမည်ဝါဖြစ်ကြောင်း CI (certification of identification) ကတ်အတွက် ထောက်ခံချက် ပြုလုပ်ရန် စသည့် နည်းလမ်းနှစ်ခုကို ရွေးချယ် ပြုလုပ်နိုင်မည် ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒုဥက္ကဋ္ဌ ဦးအောင်ကျော် က “တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား ဝန်ကြီး ဌာနအောက်မှာ ရှိတဲ့ ကျဟာငန်းရုံးတွေမှာ အထောက်အထားမဲ့တဲ့ အလုပ်သမားတွေကို ငှားရမ်းထားတဲ့ အလုပ်ရှင်က အလုပ်သမားတွေနဲ့ အတူ သွားရောက်ပြီး သတင်းပို့ရမယ်။ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထောက်ခံစာတွေ ရိုက်ပေးလိုက်မယ်။ အဲဒါတွေနဲ့ မြန်မာ နိုင်ငံကို ပြန်၊ ပတ်စ်ပို့ သွားလုပ်၊ ပြီးရင် ပြန်ဝင်လာ၊ ဗီဇာထုပေးမယ်၊ သွေးစစ်မယ်။ Work Permit လုပ်ပေးမယ်။ ဒါက ပထမ နည်းလမ်း”
“ဒုတိယ နည်းလမ်းကတော့ အကယ်၍ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို အဲဒီလို မပြန်နိုင်ခဲ့ရင် ထိုင်းနိုင်ငံအတွင်းမှာ ထုတ်ပေးနေတဲ့ CI ထုတ်ပေးရေး စခန်းတွေမှာလည်း အဲဒီထောက်ခံစာနဲ့ လုပ်ငန်းရှင်နဲ့ အတူ CI ကတ်တွေ သွားရောက် ထုတ်ယူလို့ရပြီဆိုတာ ကြေညာထား တာပါ” ဟု ဧရာဝတီသို့ ရှင်းပြသည်။
ပတ်စ်ပို့စာအုပ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လာသည့်အခါတွင်လည်း အလုပ်ရှင်နှင့်အတူ ထိုရုံးများသို့ သွားရောက်၍ နေထိုင်၊ လုပ်ကိုင်ခွင့် ရရှိရန် လုပ်ဆောင်ရမည်ဖြစ်ကာ ဗီဇာခ ဘတ် ၅၀၀၊ ကျန်းမာရေးစစ်ခ ဘတ် ၅၀၀ နှင့် Work Permit ခ ဘတ် ၁၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အလားတူ CI ကတ် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသူများ အနေဖြင့်လည်း ကျဟာငန်း ရုံးများမှ ထုတ်ပေးထားသော ထောက်ခံချက်များဖြင့် ထိုင်းနိုင်ငံအတွင်း မြန်မာအစိုးရ ဖွင့်လှစ်ပေးထားသော CI ရုံးများသို့ သွားရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ စာအုပ်ဖိုး ဘတ် ၃၀၀၊ ဗီဇာခ ဘတ် ၅၀၀၊ ကျန်းမာရေး စစ်ခ ဘတ် ၅၀၀၊ Work Permit ခ ဘတ် ၁၀၀၀ ဖြစ်ကြောင်း သိရသည်။
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ထို ၁၅ ရက်ကျော်လျှင် လုပ်ဆောင်ပေးတော့မည် မဟုတ်သဖြင့် အလုပ် ရှင်ကောင်းများ ရှာကာ သတ်မှတ်ရက်အတွင်း အမြန်ဆုံးလုပ်ဆောင်ကြရန် ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။
ဇွန်လ ၂၃ ရက်နေ့တွင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမား ဥပဒေအသစ်တရပ် ပြဋ္ဌာန်းလိုက်ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များမှ တဆင့် မြန်မာရွှေ့ပြောင်းလုပ်သားများ နေ့စဉ် ထောင်နှင့်ချီ ပြန်နေကြပြီး ၁၀ ရက် အတွင်း ၅ သောင်းကျော် ရှိနေ ကြောင်း သိရသည်။
ယင်းနောက် ဇူလိုင်လ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ NGO၊ CBO များ၊ လုပ်ငန်းရှင်အဖွဲ့ချုပ်များ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပြန်လည်တွေ့ဆုံပွဲ၌ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို အကြိတ်အနယ် တင်ပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
“ဆွေးနွေးကြတဲ့အခါမှာ အလုပ်ရှင်တွေရဲ့ စုပေါင်း တောင်းဆိုချက်တွေလည်း ပါတာပေါ့။ အလုပ်သမားတွေကို အခုလိုမျိုး အတင်းအဓမ္မ ဖမ်းဆီး အရေးယူ၊ ထောင်ချပြီး အိမ်ပြန်ပို့တာထက်စာရင် ထိုင်းနိုင်ငံရဲ့ လုပ်သား ရှားပါးမှုပြဿနာကို ဖြေရှင်းရင်း၊ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကိုလည်း ပုံမှန် တည်ငြိမ်သွားရလေအောင် ဆိုပြီးတော့ အလုပ်ရှင်တွေက တောင်းဆိုလိုက်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ အစိုးရနဲ့ ထိုင်းအစိုးရက သဘောတူညီချက်တွေ ရလိုက်ပြီ” ဟု ဦးအောင်ကျော်က ပြောသည်။
ထိုင်းအစိုးရ၏ ရွှေ့ပြောင်းလုပ်သား ဥပဒေသစ်အရ ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ခွင့် အထောက်အထား မရှိသူများ၊ ပတ်စ်ပို့ရှိ သော်လည်း အလုပ်လုပ်ခွင့် (work permit) မရှိသူများ၊ အလုပ်လုပ်ခွင့် (work permit ) ရှိသော်လည်း ခွင့်ပြုသည့် အလုပ်နှင့် လက်ရှိ အလုပ်မတူခြင်း စသည့် အချက်များသည် ဖမ်းဆီးခံရမည့် အကြောင်းအရာများဖြစ်ပြီး ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် အထက်ပါ ဥပဒေများနှင့် ငြိစွန်းပါက အလုပ်သမား တဦးအတွက် အလုပ်ရှင်က ဘတ် ၄ သိန်း (ကျပ် သိန်း ၁၄၀) ခန့်၊ သို့မဟုတ် ဘတ် ၈ သိန်း (ကျပ်သိန်း ၃၀၀ ခန့်) ပေးဆောင်ရမည်ဖြစ်ပြီး၊ လုပ်သားအနေဖြင့်လည်း ဒဏ်ငွေ ဘတ် ၂၀၀၀ မှ ဘတ် ၁ သိန်း သို့မဟုတ်၊ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း သိရသည်။