မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လတ်တလော အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး အိန္ဒိယထိပ်တန်းစစ်ဘက်အရာရှိများနှင့် တွေ့ဆုံနေသည်။ ထိုသို့ ထူးခြားသောခရီးကို တရုတ်နိုင်ငံကလည်း အနီးကပ် စောင့်ကြည့်နေနိုင်သည်။
ထို ၈ ရက်ကြာခရီးမှာ မြန်မာနှင့် အိန္ဒိယ တပ်မတော်များအကြား ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် ရည်ရွယ်သည်။ ထိုခရီးစဉ်တွင် ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်ရေးများနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ အစ္စလမ်မစ် ပုန်ကန်မှုများအတွက် ထောက်လှမ်းရေး သတင်းဖလှယ်ရေးလည်း ပါဝင်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
မြန်မာနိုင်ငံသည် အိန္ဒိယအတွက် စိုးရိမ်စရာများအတွက်သာမက အကျိုးစီးပွားအတွက်လည်း ရင်းမြစ်တခု ဖြစ်နေသည်။ တရုတ်၏ ကြီးကျယ်သော Belt and Road Initiative (BRI) အပြင်အဆင်ကို အိန္ဒိယက စောင့်ကြည့်လေ့လာလျက် ရှိသည်။ အိန္ဒိယက ၎င်းတို့ပိုင် ကြေညာထားသော်လည်း ပါကစ္စတန်က ထိန်းချုပ်သည့် ကက်ရှ်မီးယားနယ်မြေကို ဖြတ်သွားမည့် BRI ၏ အစိတ်အပိုင်းတခုဖြစ်သည့် တရုတ်- ပါကစ္စတန်စီးပွားရေးစင်္ကြန်ကို အိန္ဒိယက လက်မခံဘဲ ခပ်ဝေးဝေးမှာ နေနေသည်။
တရုတ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လွန်စွာ ဩဇာသက်ရောက်နေသည်ကိုလည်း အိန္ဒိယက စိုးရိမ်နေသည်ဟု နယူးဒေလီမှ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
အချုပ်အခြာ အာဏာပိုင်နယ်မြေ ထူထောင်လိုသော သူပုန်အုပ်စုများသည် မြန်မာနှင့် အိန္ဒိယတို့အကြား ၁၆၄၀ ကီလိုမီတာရှည်သော နယ်ခြားဒေသတွင် လှုပ်ရှားနေသည်။ ယခုခရီးစဉ်အတွင်း အိန္ဒိယသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်များနှင့် ထိုကိစ္စကို ဆွေးနွေးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုသူပုန် အုပ်စုများအနက်တခုဖြစ်သော နာဂပြည် အမျိုးသားဆိုရှယ်လစ်ကောင်စီ- ကက်ပလန်သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းတွင် အခြေစိုက်သည်။ နာဂသူပုန်များသည် နာဂပြည်နယ်ကို မြန်မာနှင့် အိန္ဒိယနိုင်ငံများမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ တရုတ်နိုင်ငံသည် ယခင်က ထိုအုပ်စုခေါင်းဆောင်များကို ခိုလှုံခွင့်၊ အကူအညီနှင့် လက်နက်များ ထောက်ပံ့ခဲ့သည်ဟု သတင်းဖေါ်ပြမှုများ ရှိခဲ့သည်။
ထိုသို့သော အခြေအနေတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရည်မှန်းချက်မှာ မြန်မာ့တပ်မတော်ကို ခေတ်မီအောင်ပြုလုပ်ရေးသာမက တရုတ်နိုင်ငံအပေါ် မှီခိုမှုလျှော့ချရေးအတွက် အခြားမဟာမိတ်အများအပြား ထူထောင်ခြင်းလည်း ပါဝင်သည်။
အိန္ဒိယသည် မြန်မာသို့ “၁၅၀ မမ အမြောက်များ၊ ဒုံးကျည်ပစ်လက်နက်များ၊ ရိုင်ဖယ်သေနတ်များ၊ မော်တာများ၊ ဘေလီတံတားများ၊ ဆက်သွယ်ရေး ကိရိယာများ၊ ညကြည့်ကိရိယာများ၊ စစ်ရေးလေ့ကျင်မှု ဆော့ဖ်ဝဲလ်များ၊ လမ်းတည်ဆောက်ရေး ကိရိယာများ၊ အမြောက်တင် စစ်သင်္ဘောများ၊ ရေအောက်ရှာဖွေရေး ဆိုနာစနစ်၊ အသံလှိုင်းဖျောက်စနစ်နှင့် လမ်းညွှန်စနစ်ကိရိယာများ”ကို မြန်မာ့တပ်မတော်သို့ ထောက်ပံ့ခဲ့ပြီးဖြစ်သည်ဟု ဇူလိုင် ၈ ရက်နေ့ထုတ် Times of India ၏ အဆိုအရသိရသည်။
အမေရိကန် ဒေါ်လာ ၇.၉ သန်းတန် အပေါ့စား တော်ပီဒို များ ရောင်းချရေး သဘောတူစာချုပ်ကိုလည်း မကြာသေးမီက ချုပ်ဆိုခဲ့သည်ဟု Times of India က ဆက်လက်ဖေါ်ပြသည်။
တရုတ်အလွန်
တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များကို ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ခိုင်းခြင်းနှင့် ၎င်းတို့ကို လက်ခံရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တောင်းဆိုခြင်းကို မြန်မာ့ တပ်မတော် ဗိုလ်ချုပ်ကြီးအချို့က စိတ်မချမ်းမြေ့ဖြစ်ကြရသည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များက ဆိုသည်။
မြောက်ပိုင်းမဟာမိတ်မှ ရက္ခိုင့်တပ်မတော် (AA) နှင့် တအောင်းန် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် မြန်မာ့တပ်မတော်က လွန်ခဲ့သောနှစ်က သတ်မှတ်ခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို အနီးကပ်စောင့်ကြည့်နေသည်။ မေလကုန်တွင်မူ အိန္ဒိယစစ်တပ် ကြည်းတပ်ဦးစီးချုုပ် ဘီပင်ရာဝပ်သည် မြန်မာနိုင်ငံသို့သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသည်။
သို့သော် ၂ နိုင်ငံဆက်ဆံရေး အဖုအထစ်သည် အိန္ဒိယ၏ ရန်သူတော်ဟောင်းကြီး ပါကစ္စတန်နှင့် မြန်မာအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်သည်။
မြန်မာသည် PAC JF-17 Thunder အမည်ရှိ ဘက်စုံသုံးတိုက်ခိုက်ရေး လေယာဉ်များကို လိုင်စင်ရယူ တည်ဆောက်ရန် ပါကစ္စတန်နှင့် ညှိနှိုင်းနေသည်ဟု ဂျိမ်းစ် ကာကွယ်ရေး အပါတ်စဉ် စာစောင် – Jane’s Defence Weekly ၏ အဆိုအရ သိရသည်။
တရုတ်နှင့်ပါကစ္စတန် ပူးပေါင်းထုတ်လုပ်သော ထိုလေယာဉ်ထုတ်လုပ်နိုင်မှုက မြန်မာ့လေတပ်ကို အကြီးအကျယ် အင်အားဖြည့်ပေးမည်ဖြစ်သည်။
ပါကစ္စတန် စစ်သွေးကြွများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင် သူပုန်များကို သင်တန်းပေးနေသည်ဟူသော စွပ်စွဲချက်များ ဖြစ်နေချိန်တွင် မြန်မာသည် ပါကစ္စတန်ထံမှ စစ်လက်နက်ပစ္စည်းများ ရယူနေသောကြောင့် အိန္ဒိယသည် မခံချိမခံသာ ဖြစ်နေသည်ဟု အိန္ဒိယနှင့် မြန်မာသတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
မဟာမိတ်များ ဖြန့်ခွဲထားခြင်းကို ထပ်မံပြသသည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လက ရုရှသို့ သွားပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ စစ်စခန်းများနှင့် မြန်မာ့တပ်မတော် အရာရှိရာပေါင်းများစွာ သင်ကြားနေသော စစ်သင်တန်း ကျောင်းများသို့ သွားခဲ့သည်။
သတင်းပေးပို့ချက်မှာ ရှင်းပါသည်။ ယခင်နှင့်မတူ တရုတ်ချည်းပဲ အားကိုးနေမည် မဟုတ်တော့ကြောင်း မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များက ပြသချင်နေပြီဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ News Analysis: Myanmar Army Looks to India ကို ဘာသာပြန်ဆိုသည်)