သတင်း

ဦးဖြိုးမင်းသိန်းကို တပ်မတော်က တိုင်ကြားမှု အစိုးရအဖွဲ့ ဘာဆက်လုပ်မလဲ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် အဆင့်သာရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တဲ့အပေါ် အစိုးရအနေနဲ့ စိစစ်အရေးယူပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့ညက သတင်းထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ “ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့မှာ USAID နှင့် ပူးပေါင်းကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ အတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲမှာ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရထံ လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် တင်ပြခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ပါတီအနေနဲ့ လောလောဆယ် ဘာမှ ပြောစရာမရှိဘူး။ ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ အစိုးရအဖွဲ့ကို ပြောတဲ့စာလေ။ အခုက ဒီကိစ္စကို အစိုးရအဖွဲ့အနေနဲ့ ဘယ်လို စဉ်းစားထားသလဲဆိုတာ ကျနော်တို့ မသိရသေးဘူး။ ဒီလို အခြေအနေမှာ ကျနော်တို့ကတော့ ဘာမှ ပြောစရာမရှိသေးပါဘူး” လို့ ဧရာဝတီ ကို ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။

နိုင်ငံက သတ်မှတ်တဲ့ ပြည်ထောင်စု ရာထူးစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အမှတ်စဉ် ၈ မှာရှိနေပြီး ဝန်ကြီးချုပ်က အမှတ်စဉ် ၁၉ နေရာမှာရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို Protocol အရ ညွှန်ကြားရေးမှူးချုပ် အဆင့်လို့ ပြောလိုက်တာဟာ ပြောသင့်တဲ့စကား ဟုတ်၊ မဟုတ် ဝေဖန်ပိုင်းခြားဖို့လိုအပ်ကြောင်း၊ ဥပဒေကြောင်းအရသာ စကားကို ပြောဆိုသင့်ကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကတော့ “သူနားလည်သလောက်ပြောလိုက်ပေမယ့် လက်ရှိသွားနေတဲ့စနစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တယောက်ကို နှိမ့်ချသလို ဖြစ်သွားတာ။ နိုင်ငံတော် အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ စကားပြော အဆင်ပြေဖို့လိုပါတယ်။ အခုအချိန်က အမျိုးသားရင်ကြားစေ့ရေး သွားနေကြတာ။ သူ့ပါတီ ကိုယ့်ပါတီကတော့ ရှိကြမှာပဲ။ အစိုးရ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် တယောက်အနေနဲ့ ဒီလိုစကားပြောမှန်းဆိုရင် နှိုင်းယှဉ်ချင့်ချိန်ဖို့လိုမယ်။ တပ်မတော်ဘက်ကလည်း မပြောသင့် မပြောထိုက်တာမို့ အရေးယူပေးဖို့ တင်ပြတာဖြစ်ပါလိမ့်မယ်။ အရေးယူတဲ့အတိုင်းအတာကတော့ အစိုးရရဲ့ သဘောဆန္ဒအတိုင်းပါပဲ” လို့ သုံးသပ်ပါတယ်။

တပ်မတော်ရဲ့ တိုင်ကြားမှုနဲ့ သက်ဆိုင်ခြင်း ရှိ၊ မရှိ မသေချာပေမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ဦးဖြိုးမင်းသိန်းဟာ နေပြည်တော်ကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ သို့သော် အစည်းအဝေး တခုရှိတာကြောင့် ခရီးစဉ်ကို ဖျက်လိုက်တယ်လို့လည်း သိရပါတယ်။

“လူတဦးချင်းအနေနဲ့ ပြောမယ်ဆိုရင် သူ့စိတ်ထဲမှာရှိတာ ပြောပိုင်ခွင့်ရှိပါတယ်။ ကိုယ်စားလှယ်အနေနဲ့ ပြောမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းထားတဲ့အတိုင်းပြောရမှာ။လွှတ်တော်သည် ဘယ်အဆင့်ရှိလဲ အစိုးရဘယ်အဆင့်ရှိလဲ သမ္မတဘယ်အဆင့်ရှိလဲ အတိအလင်းပြဋ္ဌာန်းထားပြီးသား၊ ဒီလိုပဲ ပြောရမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တည်ဆဲဥပဒေဖြစ်လို့ မပြင်နိုင်၊ မပြောင်းနိုင်သေးသ၍ လိုက်နာရမှာ တာဝန်ပဲ။” ပြင်ဦးလွင် မြို့နယ် ပြည်သူ့လွှတ်တော် ဦးအောင်ခင် က ပြောပါတယ်။

ANP ပါတီ၊ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကတော့ လူကြီးတယောက် အနေနဲ့ ဆင်ခြင်သင့်တဲ့ စကားဖြစ်ကြောင်း၊ ပြောဆိုလိုက်တဲ့အချိန်မှာ စိတ်ခံစားမှုက တခုခု ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

တပ်မတော်အသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူလူထုကရော အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

တပ်မတော်က မေလ ၅ ရက်နေ့ကလည်း NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က NLD ပါတီနှင့် ပတ်သက်သော သတင်းမှားများ ပျံ့နှံ့ခြင်းကိစ္စနှင့် ပတ်သက်၍ “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်း တွေကပဲ လုပ်သလား။ ကျနော်တို့ကို မလိုလားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလားမှန်းဆရခက်တယ်” ဟု ပြောဆိုခဲ့သည့် ကိစ္စအပေါ် ပြင်းထန်စွာကန့်ကွက်ပြီး လိုအပ်သည့် တုံ့ပြန်မှု ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ဧရာဝတီ သတင်းထောက် မေစစ်ပိုင်နှင့် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်

Did you find apk for android? You can find new Free Android Games and apps.
Loading