ပုဂံ ရွှေစည်းခုံ စေတီရှိ ကျန်စစ်မင်း၏ နန်းတည် ကျောက်စာနှင့် ပဲခူး ကလျာဏီသိမ်ရှိ ဓမ္မစေတီမင်း၏ ကလျာဏီ ကျောက်စာတို့၏ ပုံတူ ကျောက်စာတိုင်များကို မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဗိမာန်တော်၌ ထားရှိရန် စီစဉ်နေကြောင်း သိရသည်။
ပုဂံ၊ ရွှေစည်းခုံ ဘုရားရှိ ကျန်စစ်မင်း၏ ကျောက်စာမှာ ရှေးဟောင်း သုတေသန အဖွဲ့က ထိန်းသိမ်းထားသဖြင့် အများပြည်သူများ ဖတ်ရှု လေ့လာခွင့် မပြုဘဲ သော့ခတ် သိမ်းဆည်းထားသဖြင့် အများပြည်သူနှင့် သမိုင်းသုတေသီများ လေ့လာနိုင်ရန် ယခုကဲ့သို့ ပုံစံတူ ကျောက်စာများ ထွင်းထုရန် မွန်သမိုင်း သုတေသနအသင်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။
မွန်သမိုင်း သုတေသန အသင်း ဥက္ကဋ္ဌ နိုင်မောင်တိုးက “ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံ ကျောက်စာကတော့ ကျောက်စာ ပညာရှင် နိုင်ဘရှင် ဦးစီးပြီး မန္တလေးမှာ ထုခဲ့တာ။ကျောက်စာတိုင်ကတော့ မန္တလေးမှာ မှာထားပြီးပြီ။ စာပိုင်းကတော့ ကျွန်တော်တာဝန်ယူ လုပ်နေပါတယ်”
“ကလျာဏီ ကျောက်စာက ၁၀ မျက်နှာရှိတယ်၊ ၃ မျက်နှာက ပါဠိဘာသာ။ မွန်ဘာသာနဲ့ ၃ မျက်နှာလောက်က ရိုက်ချိုးခံထားရတယ်။ ကျိုးတဲ့နေရာ၊ ပျက်တဲ့နေရာက ဘာစာလုံးလဲဆိုတာ စာလုံးတွေ အစားထိုးလိုက်လို့ မရဘူး။ လွဲသွားရင် ကိုယ်က တရားခံ ဖြစ်သွားမယ်” ဟု နိုင်မောင်တိုးက ရှင်းပြသည်။
ယင်းကျောက်စာ နှစ်ခုကို မည်သည့်အချိန် အပြီးသတ် ပြုလုပ်မည်ဟု မသိရသော်လည်း လက်ရှိတွင် အေဒီ ၁၁ ရာစု လက်ရာဖြစ်သည့် ကျန်စစ်မင်း၏ စာမျက်နှာ ၈ မျက်နှာပါ ကျောက်စာတိုင် နှစ်တိုင်မှာ ပြီးစီးနေပြီဖြစ်၍ ဇူလိုင်လ ၁၁ ရက်နေ့က မော်လမြိုင်၊ တောင်ရိုးတန်း ပေါ်ရှိ သာသနာ့ ၂၅၀၀ ဗိမာန်တော်တို့ ယူဆောင်လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မွန်သမိုင်း သုတေသန အသင်းသည် ပြီးခဲ့သည့် ဇွန်လဆန်းတွင် ပဲခူးမြို့၌ အစည်းအဝေး ပြုလုပ်ခဲ့ရာ ကျန်စစ်မင်း၏ နန်းတည်ကျောက်စာပါ မွန်စာပေ အရေးအသားမှာ စံနမူနာ ယူစရာ စာပေအရေးအသားဖြစ်၍ ပထမ ဦးစားပေး အနေဖြင့် ထွင်းထုရန် ဆုံးဖြတ်ခဲ့ပြီး ကလျာဏီ ကျောက်စာကိုလည်း ကူးယူဖော်ပြရန် တိုင်ပင်ခဲ့ကြောင်း မွန်သမိုင်း သုတေသန အဖွဲ့ဝင် နိုင်ရဲဇော်က ရှင်းပြသည်။
ကလျာဏီ ကျောက်စာကိုမူ မူရင်း ကျောက်စာ ထွင်းခဲ့သည့် လက်ရေးမူ မန်ကျည်းစေ့သဏ္ဍာန် အက္ခရာများဖြင့် ထွင်းလုပ်ရန် စီစဉ်နေပြီး မူရင်းအက္ခရာ လက်ရေးမူကို ကွန်ပျူတာဖောင့် တီထွင်ပေးမည့် ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်နေသည့်အပြင် မွန်ဘာသာ ကျောက် စာချပ်များမှာ ပျက်စီးနေ၍ အချိန်ယူကာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း မွန်သမိုင်း သုတေသန အဖွဲ့ဝင်များက ဆက်လက် ပြောကြားသည်။
မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်စိုးအောင်ကလည်း ယခုကဲ့သို့ ကျောက်စာများအား ပြန်လည် ကူးယူ ဖော်ပြခြင်းကို ဝမ်းသာ ကြိုဆိုကြောင်း သုံးသပ် ပြောကြားသည်။
“ကျောက်စာက သမိုင်းနဲ့ အင်မတန် နီးစပ်တယ်၊ ဖြစ်ရပ်မှန်တွေကို ဖော်ပြထားတဲ့ မှတ်တမ်း တခုပဲလေ၊ ဒါကို ကြည့်ခြင်းအားဖြင့် လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုနဲ့ စာပေ အဆင့်အတန်း ဘယ်လောက် မြင့်မားလဲ ဆိုတာ ကနေ့ လူတွေ သိရတာပေါ့လေ။
သမိုင်းမှာ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ ကိစ္စတွေကို ကျောက်စာတွေကို ပြန်လေ့လာခြင်းအားဖြင့် တိကျ မှန်ကန်တဲ့ အဖြေ ရနိုင်တယ်” ဟု နိုင်စိုးအောင်က ဆိုသည်။
မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်) အနေဖြင့် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ရွှေတိဂုံ ရင်ပြင်တော်ပေါ်ရှိ ဓမ္မစေတီ ကျောက်စာအား ပုံတူ ကြေးပြားထွင်း၍ ရွှေတိဂုံစေတီ အရှေ့မြောက်ဘက်ထောင့်ရှိ ရင်ပြင်တော်ပေါ်၌ ကပ်လှူ ပူဇော်ထား ကြောင်း သိရသည်။
အရှေ့တောင် အာရှဒေသတွင် မွန်မြို့ပြနိုင်ငံများ ထွန်းကားစဉ်၌ မွန်ဘုရင်များက ၎င်းတို့၏ ကောင်းမှုနှင့် မှတ်တမ်းများကို ကျောက်ထွင်း အက္ခရာတင်ခဲ့ပြီး အစောဆုံးဟု ယူဆရသည့် အေဒီ ၆ ရာစု ဒွါရဝတီခေတ် မွန်ဘာသာ ကျောက်စာကို ထိုင်းနိုင်ငံ ပရပထုမ် အရပ်၌ တွေ့ရှိခဲ့ရသည်။
ထို့ပြင်လည်း ထိုင်းနိုင်ငံ နခွန်ပထုမ် အရပ်ရှိ လောပ်ပူရီ မွန်ကျောက်စာသည် အေဒီ ၈ ရာစု ကျောက်စာဟု သမိုင်း ပညာရှင်များက ဆိုကြသည်။
မြန်မာနိုင်ငံအတွင်း၌မူ သထုံမြို့ ရွှေစာရံဘုရား၌ အေဒီ ၁၀ ရာစု သုဝဏ္ဏဘူမိခေတ်၏ မွန်ကျောက်စာ “တြာပ်” နှင့် “ပဏ္ဍိတ်” ကျောက်စာတို့သည်လည်း ရှေးဟောင်း မွန်ကျောက်စာများ ဖြစ်ကြသည်။ “တြာပ်” ဟူသည်မှာ ဆောက်လုပ်ရေး အဖွဲ့၏ အကြီးအကဲ (ဝါ) အင်ဂျင်နီယာချုပ်ဟု အဓိပ္ပာယ်ရကာ “ပဏ္ဍိတ်” မှာ ပညာရှင်ဟု အဓိပ္ပာယ်ရကြောင်း နိုင်စိုးအောင် က ရှင်းပြသည်။
အေဒီ ၁၁ ရာစု မွန်ကျောက်စာ လက်ရာအဖြစ် ရာဇကုမာရ်ကျောက်စာကို တွေ့ရှိခဲ့ပြီး မွန်ဘုရင် ဓမ္မစေတီမင်း၏ ကောင်းမှုတော် ကျောက်စာ ရွှေတိဂုံသမိုင်း မှတ်တမ်းကျောက်စာနှင့် ကလျာဏီကျောက်စာတို့မှာ အေဒီ ၁၄ ရာစု ကျောက်စာများ ဖြစ်ကြသည်။