ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲများကြား လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် တဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ကလေးငယ်သည် တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာမှ ဖြစ်ပြီး ၎င်း၏ မိဘနှစ်ပါးသည်လည်း လက် နက်ကြီး ထိမှန်၍ ဆေးဝါးကုသမှု ခံယူနေရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည်။
ထိုပစ်ခတ်မှုသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) က ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်ကြောင်း၊ သေဆုံးသွား သည့် ကလေးငယ် မိသားစုသည် တိန်ကောက်ရွာရှိ ၎င်းတို့၏ တောင်ယာတဲ အတွင်း၌ ရှိနေစဉ် ထိမှန်ခြင်း ဖြစ်ပြီး ထိုဖြစ်စဉ် သည် ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး က ရေးသားထားသည်။
ကလေးငယ် သေဆုံးရခြင်းသည် KIA ပစ်ခတ်သည့် လက်နက်ကြောင့် မဟုတ်ကြောင်း၊ အစိုးရ တပ်မတော်က ပစ်ခတ် လိုက်သည့် လက်နက်သာ ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်သည့်နေရာသည် ကလေးသေဆုံးသည့် ကျေးရွာနှင့် ၁ မိုင်ကျော်ဝေး ကွာကြောင်း KIA ၏ ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး နော်ဘူ က ဧရာဝတီ ကို ပြောသည်။
၎င်းက “တိန်ကောက်ရွာ တခုတည်းကို ထိတာမဟုတ်ပါဘူး၊ တခြားရွာတချို့လည်း ထိသွားတာရှိတယ်၊ ကျနော်တို့က အ ရပ်သားတွေ နေတဲ့နေရာ ဘယ်နေရာဆိုတာ သိပါတယ်၊ အရပ်သားတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တာ မလုပ်ပါ ဘူး၊ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်လာရင်လည်းပဲ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပဲ အပြစ်ပုံချတာ မကောင်းပါ ဘူး” ဟု လည်း ဆိုသည်။
အစိုးရ တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများသည် ယခုရက်ပိုင်းအတွင်း ပြင်းထန်သည့် အနေအထား မရှိသော်လည်း ရွှေမှော်များနှင့် ပယင်းမှော်များ တည်ရှိရာ ဒေသများတွင် တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း KIA ပြောခွင့်ရသူက ပြောသည်။
တနိုင်းဒေသ၌ ဇွန်လဆန်းမှ စတင်၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရွှေနှင့်ပယင်း မှော်များမှ ဒေသခံများသည် လည်း တနိုင်းမြို့ပေါ်သို့ ထွက်ပြေး၍ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည်။
စစ်ပြေး ဒုက္ခသည်များအား လက်ရှိတွင် တနိုင်းမြို့ပေါ်ရှိ ဘုရားရှိခိုးကျောင်း ၄ ခု တွင် နေရာချထားပေးသည်ဟု နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) မှ ကူညီဆယ်ရေး တာဝန်များ ဆောင်ရွက်နေသူ ဦးနော်တာ ကလည်း ဧရာဝတီ ကို ပြော သည်။
ဦးနော်တာက “လောလောဆယ်တော့ တနိုင်းမြို့ပေါ်က စခန်း ၄ ခုမှာ လူ ၉၀၀ ကျော်ရှိပါတယ်၊ ဒုက္ခသည်တွေရဲ့ စားဝတ် နေရေးကို လူမှုအဖွဲ့တွေက ကူညီပေးထားပါတယ်၊ ရိက္ခာတော့ တလစာအတွက်ပဲ ကျန်တော့တယ်” ဟုလည်း ပြောဆို သည်။
တနိုင်းမြို့ပေါ်၌ ခိုလှုံနေသူများသည် ရွှေနှင့်ပယင်းမှော်များမှ ထွက်ပြေးလာသူများဖြစ်သည်။
၎င်းတို့အနက် အများစုသည် လယ်သမားများ ဖြစ်ပြီး လယ်ယာလုပ်ငန်း ပြန်လည် လုပ်ကိုင်နိုင်သူ အနည်းငယ်သာ ရှိကြောင်း ဦးနော်တာ က ပြောသည်။
ရွှေနှင့်ပယင်း မှော်များမှ ဒေသခံများအား မှော်များမှ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာကြရန် တပ်မတော် က နှိုးဆော်ခဲ့ပြီးနောက် အများစုသည် မှော်များမှ ထွက်ခွာသွားခဲ့ကြကြောင်း ဒေသခံများ က ပြောဆိုကြသည်။
ဒုက္ခသည်များသည် ထန်းပလားမှော်၊ ဝမ်းပလာ၊ အောင်လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဗြူ၊ ဂျာအောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းမှော် နှင့် နမ့်ကွမ်းမှော်များတွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။
၎င်းတို့အား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန်နှင့်အကယ်၍ မထွက်ခွာပါက (KIA ) နှင့် ပူးပေါင်းနေသူများ အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း၊ နယ်မြေ ရှင်းလင်းသည့်အခါ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်လာမည်ကို မလိုလား သဖြင့် ကြိုတင် အသိပေးရခြင်း ဖြစ်ကြောင်းလည်း တပ်မတော်က ဖြန့်ဝေသည့် စာတွင် ဖော်ပြထားသည်။