၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပါ အချက် ၅ချက် ပြင်ဆင်ရန် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ယနေ့ ကျင်းပ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် အရည်အသွေးမြင့်မားသည့် ဆက်သွယ်ရေးပစ္စည်းများ အသုံးပြုနိုင်ရန်နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများ အကာအကွယ် ရရှိစေရန် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သော်လည်း ပုဒ်မ၆၆ ဃကို အသုံးပြုပြီး ပုဂ္ဂိုလ်များအကြား တိုင်ကြားမှုများ တနေ့တခြားများပြားလာပြီး ဝေဖန်မှုများ ရှိသောကြောင့် ပြင်ဆင် ခြင်းဖြစ်သည်ဟု ပို့ဆောင် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးကျော်မျိုးက ပြောသည်။
“ဘာမှမလုပ်ဘဲ ထိုင်နေတာထက်စာရင် အန်ကယ်တို့က စပြီး ပြည်သူ့အသံ ကြားရအောင် လုပ်လိုက်တာပေါ့၊ နောက်တပတ် လွှတ်တော်မှာ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါ ပြည်သူ့အသံတွေ ထွက်ပေါ်လာမှာပေါ့ ” ဟု ဦးကျော်မျိုးက အစည်းအဝေးအပြီး မီဒီယာများသို့ ပြောသည်။
ပြင်ဆင်ရန် အချက် ၅ ချက်မှာ ဝန်ကြီးဌာန၏ အမည်ပြောင်းလဲ သတ်မှတ်ရန် ၊ ၆၆ ဃ တွင်ဖော်ပြထားသည့် အနိုင် အထက် ပြုခြင်း ၊ မတရား တားဆီး ကန့်ကွက်ခြင်းနှင့် မလျော်သြဇာသုံးခြင်း စသည့် ပြစ်မှုသုံးမျိုးအား ပယ်ဖျက်ရန် ၊ ဝန်ကြီးဌာနမှ ကြီးကြပ်မှုပိုင်းဆိုင်ရာ ပြစ်မှုများမှတပါး အခြားပြစ်မှုများ တရားစွဲရာတွင် ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုချက် မယူဘဲ ဆောင်ရွက်နိုင်ရန်၊ ၎င်း ဥပဒေတွင် ပါဝင်သော ငွေကြေးချေးယူခြင်း ၊လိမ်လည်ခြင်း ၊ အလွဲသုံးစားပြုခြင်း ၊ အကျိုး ပျက်စီးစေခြင်း စသည့် ပြစ်မှုများမှတပါး အခြားပြစ်မှုများကို အာမခံပေးနိုင်ရန် ၊ ပုဒ်မ ၆၆(ဃ) အမှုဖွင့်ရာတွင် သက်ဆိုင် ရာ နစ်နာသူကိုယ်တိုင် ဖြစ်စေ ထိုသူ၏ ကိုယ်စားလွှဲအပ်ခြင်းခံရသူမှ ဖြစ်စေ တိုင်တန်းနိုင်ရန်တို့ ဖြစ်သည်။
အမျိုးသားလွှတ်တော် ၊ ဥပဒေကြမ်း ကော်မတီဝင်တဦးက လက်ရှိ ပြည်သူများကြားတွင် ဖြစ်နေသည့် အခြေအနေ များကြောင့် ကိုယ်စားတိုင်ကြားခြင်းကို ဥပဒေ၌ ထည့်သွင်းခြင်းမပြုရန် တင်သွင်းမှုအပေါ် အကြံပြု ပြောကြားသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားများ ပြင်ဆင်ဖြည့်စွက်ပြီး လုံခြုံရေး တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ၊ အစိုးရအဖွဲ့တို့၏ သဘောတူညီချက်ဖြင့်သာ ယခုကဲ့သို့ တင်သွင်းခြင်းဖြစ်သည်ဟု ဒုဝန်ကြီးက ပြောကြားခဲ့သည်။
ဆက်သွယ်ရေး ဥပဒေပြင်ဆင်လိုသည့် အဖွဲ့အစည်းများနှင့် ပြည်သူအများစု၏ တောင်းဆိုချက်အတိုင်း ပြင်ဆင်လာခြင်း မဟုတ်သော်လည်း လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် ထပ်မံ ဆွေးနွေးပြီးမှသာ ယခုဥပဒေမူကြမ်းကို အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေး ဥပဒေ ဆိုင်ရာ သုတေသနအဖွဲ့မှ ကောက်ခံရရှိထားသည့် စာရင်းများအရ ယခင် အစိုးရ လက်ထက်မှ ယနေ့အထိ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံထားရမှုပေါင်း ၆၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။