မြန်မာနိုင်ငံတွင် ဒုက္ခသည်နှင့် စစ်ဘေးရှောင် ခေါ် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ (IDP) ၁ ဒသမ ၁ သန်းခန့်ရှိပြီး ၎င်းတို့ကို အနာဂတ် လူ့အဖွဲ့အစည်းတွင် ပြန်လည် နေရာချထားရန် ရှင်းလင်းသော မူဝါဒများ မရှိပါက ပဋိပက္ခသစ် များ ဖြစ်ပွားစေနိုင်သည် ဟု ဒတ်ချ် အကြံပေး အဖွဲ့တဖွဲ့၏ မူဝါဒဆိုင်ရာ အစီရင်ခံစာ တစောင်က ဆိုသည်။
ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ ကျော် အတွင်း သဘာဝဘေး အန္တရာယ်များ၊ လူမျိုးရေး ဘာသာရေးနှင့် အခြား ပဋိပက္ခများက ရှုတ်ထွေးပြီး ပြောင်းလဲနေဆဲ ပြည်တွင်းတွင် လူသားရွှေ့ပြောင်းမှုကို နယ်စပ်ဒေသများနှင့် အခြားဒေသများတွင်ပါ ပေါ်ပေါက်စေသည်။
မြန်မာနိုင်ငံသည် အခြေအနေများ ပြောင်းလဲနေသော်လည်း ထိုရွှေ့ပြောင်း နေထိုင်ရသူများကို ၎င်းတို့၏ မူလ နေရပ်တွင် ဝင်ဆံ့နိုင်သော ဘ၀ နှင့် ၎င်းတို့၏ အနာဂတ်များ ပြန်လည် တည်ဆောက်ပေးရေးကို မည်သို့ ကိုင်တွယ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသည့် မေးခွန်းဖြစ်သည်။
ထိုမေးခွန်းသည် ထိုင်း-မြန်မာနယ်စပ်မှ ကရင်လူမျိုး အများစုပါဝင်သော ဒုက္ခသည် ၁ သိန်းခန့်နှင့် လတ်တလော ပတ်သက်ဆက်နွယ်မှု အရှိဆုံး ဖြစ်သည်။
ကရင်ပြည်နယ်တွင် အလှူရှင်များ၏ ထောက်ပံ့မှု လျှော့နည်းလာခြင်းနှင့် ပျက်စီးလွယ်သော အပစ်အခတ် ရပ်စဲရေးတို့ ကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရန် ဖိအားမြင့်မားနေ သော်လည်း ဆန္ဒအလျာက် နေရပ်ပြန်ရေး အစီအစဉ်ကို မတွေ့ရပေ။
ရွှေ့ပြောင်း နေထိုင်ရသူများကို နေရပ်တွင် ပြန်လည် ထူထောင်ပေးရေးကို နည်းစနစ်ပိုင်းသက်သက် လုပ်ဆောင်ခြင်းသည် အလုပ်ဖြစ်မည် မဟုတ်ကြောင်း Transnational Institute အဖွဲ့ ၏ မူဝါဒဆိုင်ရာ ရှင်းလင်းတင်ပြချက်တွင် ဖော်ပြထား သည်။
အထက်ပါ နည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းသည် မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ဖြစ်စေမည့် အန္တရာယ် အကြီးအကျယ် ရှိနေသည်။
“မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းကြောင့် နေရပ်စွန့်ခွာရသူများသည် အစိုးရ၊ စစ်ဘက်ထိပ်ပိုင်းနှင့် ချမ်းသာသော လုပ်ငန်း ကုမ္ပဏီတို့နှင့် ပဋိပက္ခ ဖြစ်စေနိုင်သည်။ အချို့သော မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများသည် ရွှေ့ပြောင်းနေထိုင်ရသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကြား၊ သို့မဟုတ် အခြား အပယ်ခံ ထိခိုက်လွယ်သူများကြား တွင်လည်း ပဋိပက္ခ ဖြစ်စေနိုင်ပြီး ရပ်ရွာအသိုင်းအဝန်းချင်း သို့မဟုတ် လူမျိုးစုချင်း တင်းမာမှုများ ဖြစ်စေနိုင်သည်” ဟု ယင်း အစီရင်ခံစာက ဆိုသည်။
ထိုပဋိပက္ခသစ်များ ဖြစ်လာနိုင်ခြင်းကြောင့် ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများ၏ အနာဂတ်ပြဿနာများကို မြေယာအသုံးပြုမှု မူဝါဒများ၊ ဆွေးနွေးမှုများနှင့် ခွဲခြားထားနိုင်မည် မဟုတ် ဟုလည်း အစီရင်ခံစာက ထောက်ပြထားသည်။
သို့သော် မြန်မာနိုင်ငံ၏ မြေယာမူဝါဒများသည် ပြဿနာ လွန်စွာများပြားလှသည်။
“တရားဥပဒေ စနစ်အတွင်းမှာပင် လုပ်ထုံးလုပ်နည်းစနစ် အချင်းချင်း တခုနှင့်တခု ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဥပမာ မြန်မာနိုင်ငံ အစိုးရ ဥပဒေများ ၊ အမျိုးသား မြေအသုံးချရေး မူဝါဒနှင့် လူမျိုးစု လက်နက်ကိုင်များ၏ မူဝါဒများ၊ ပြည်သူလူထု ၏ လိုအပ်ချက်းများကို တုံ့ပြန်ရတွင် ၎င်းတို့၏ သက်ရောက်မှုများ အကြား တခုနှင့် တခု ဆန့်ကျင်ဘက် ဖြစ်နေသည်။ အဓိကကျသော ဥပဒေတခု ဖြစ်သည့် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေသည်လည်း လယ်သမားများ၏ မြေကို အစိုးရ အရာရှိများနှင့် ဆက်စပ်သော စီးပွားရေးသမားများက သိမ်းယူခြင်းမှ တားဆီးမပေးနိုင်ပေ” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်ခဲ့သည် အမျိုးသားမြေ အသုံးချရေး မူဝါဒသည်လည်း တရားဝင် အဆင့်အတန်း မရှိဘဲ ယခင်အစိုးရ၏ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ရှိနေသမျှကာလပတ်လုံး ထိရောက်မှုရှိမည် မဟုတ်ပေ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကဲ့သို့သော လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများက ချမှတ်ထားသော မြေယာ မူဝါဒများသည်လည်း ရှင်းရှင်းလင်းလင်း မရှိကြပေ။
နက်ရှိုင်းသော ပြဿနာများရှိနေသည့် မြေယာပြဿနာများကြောင့် နေရပ်စွန့်ခွာရသူများကို အထူး ထိခိုက်သည့် အပြင် အခြားသူများကိုပါ ထိခိုက်သည်။ ၎င်းတို့၏ လိုအပ်ချက်များကို ကျယ်ပြန့်သော နိုင်ငံလုံးဆိုင်ရာ အဖြေရှာခြင်း နှင့် ဆက်စပ် စဉ်းစားရမည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
နေရပ်စွန့်ခွာရသူများ၏ အခွင့်အရေးများနှင့် ပိုင်ဆိုင်ခွင့်များကို ဒီမိုကရက်တစ် မြေယာပိုင်ဆိုင်ခွင့်များ၊ အခြား အပစ်ပယ်ခံ၊ ထိခိုက်လွယ် ဆင်းရဲသားများ၏ ပိုင်ဆိုင်ခွင့်များနှင့် ဆက်စပ် စဉ်းစားရမည် ဖြစ်ကြောင်း အခြားနိုင်ငံများ၏ အတွေ့အကြုံ များကိုလည်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
“ယနေ့ မြန်မာနိုင်ငံအတွက် အဆိုးဆုံး အခြေအနေမှာ မည်သည့် မြေ သို့မဟုတ် သဘာ၀ သယံဇာတနှင့် သက်ဆိုင်သော ဥပဒေ၊ မူဝါဒနှင့် အစီအစဉ်များသည် အပစ်ပယ်ခံရဆုံးနှင့် ထိခိုက်မှု အလွယ်ဆုံးသူများကို တဦးနှင့် တဦး ပြိုင်ဘက်များ ဖြစ်စေပြီး ဆင်းရဲသူများ အချင်းချင်းကြား ပဋိပက္ခများကို ပိုမိုဖြစ်နိုင်စေသည်” ဟု အစီရင်ခံစာက ကောက်ချက်ချသည်။
ပိုမိုကျယ်ပြန့်သော မြေယာပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် အောက်ခြေ ပြည်သူလူထု၏ အစီအစဉ်များနှင့် ဆက်စပ်သော နေရပ်စွန့်ခွာ ရသူများ၏ မြေယာပြဿနာကို ဖြေရှင်းမည့် ပြည့်စုံသော အခြေခံကျသည့် နည်းလမ်းတခု လိုအပ်နေသည် ဟုလည်း ဖော်ပြထားသည်။
“သြဇာကြီးမားသော အင်အားစုများ ကြောင့် ဖြစ်ပေါ်သော နက်ရှိုင်းလာ နေသည့် မြေယာ အသုံးပြုမှု ကွဲပြားခြင်း ကြောင့် မြန်မာနိုင်ငံတွင် ရေရှည် ပြေလည်ရေး အတွက် သော့ချက်မှာ နေရပ်စွန့်ခွာ ရသူများအား နေရပ်သို့ ပြန်လည် ပို့ဆောင် နေရာချထား ပေးခြင်းကို ပိုမိုကျယ်ပြန့်ပြီး ပြည်သူကို အဓိက ထားသည့် မြေယာအခွင့်အရေးများ ဒီမိုကရေစီနည်းလမ်း ကျအောင် ပြုလုပ်ရေး အစီအစဉ်များကို အောက်ခြေ အဆင့်တွင် ချိတ်ဆက်ပေးရန် လိုသည်” ဟုလည်း ဖော်ပြထားသည်။
(Transnational Institute သည် နယ်သာလန်နိုင်ငံ အခြေစိုက် အကြံပေးအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ ပြဿနာများနှင့် ပတ်သက်သော မူဝါဒများကို လေ့လာနေသည်မှာ နှစ်အအတန်ကြာပြီ ဖြစ်သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ “ထိန်းချုပ်မှု ကို ပြန်လည် ထူထောင်ခြင်း- မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရသူများနှင့် ဒုက္ခသည်များ အတွက် ဆန္ဒအလျှောက် နေရပ် ပြန်ခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် မြေယာပိုင်ခွင့်” (Re-Asserting Control: Voluntary Return, Restitution and the Right to Land for IDPs and Refugees in Myanmar) ဖြစ်ပြီး ဆွီဒင်နှင့် ဆွစ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက ငွေကြေး ထောက်ပံ့သည်။)
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Refugee Returns Must Be Linked to Broader Land Reforms ကို ဘာသာပြန်သည်။)