ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း တရားမဝင် ရွှေ နှင့် ပယင်းမှော်များအပေါ် တပ်မတော်က စစ်ရေးနည်းလမ်း အသုံး ပြု ဖြေရှင်းခြင်းသည် မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်း တနိုင်းမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးလင်းလင်းဦးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
“သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်းဖြစ်တဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနနဲ့ ကချင်ပြည်နယ် အုပ်ချုပ်ရေးကို ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့က ဦးဆောင် ဖြေရှင်းသင့်ပါတယ်။ စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ခြင်းဆိုတာ လုံးဝမှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး” ဟု ဦးလင်းလင်းဦးက ပြောသည်။
ဦးလင်းလင်းဦးက “ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော် ဆောင်ရွက်နေမှုများကို ယခုလို နောင်အခါ မဖြစ်ရအောင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်း”ဟု အဆိုကို တင်သွင်းရာတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ ၃၇ အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်ဟု ပြဌာန်း ထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၁ တွင် နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် ကူညီ ဆောင်ရွက် ရ မည် ဟု ပြဌာန်းထားကြောင်းလည်း ဦးလင်းလင်းဦးက ဆိုသည်။
ဦးလင်းလင်းဦးက “နိုင်ငံတော်ရဲ့ သယံဇာတ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ဒီအခြေခံဥပဒေက အပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး ဆုံးဖြတ်ဖို့ မူဝါဒတရပ်ကို ချမှတ် အကောင် အထည် ဖော် ဆောင်ရွက် ဖို့ လိုအပ်နေပါတယ်”ဟု ဆက်ပြောသည်။
တရားမဝင်မှော်များကို ကိုင်တွယ်ရန် မူဝါဒများ အသုံးချရာတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်ရန် လိုအပ်သည့်အပြင် နိုင်ငံသူ နိုင်ငံသားများ၏ စားဝတ် နေရေး နှင့် အလုပ်လက်မဲ့ပြဿနာကိုလည်း ဖြေရှင်းပေးရန် လိုအပ်သည်ဟု ဦးလင်းလင်းဦး က ဆိုသည်။
ဦးလင်းလင်းဦးက အဆိုတင်သွင်းရာတွင် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုး ဆက် များတွင် ဆုံးရှုံးနစ်နာနေသူများမှာ မိမိတို့ နိုင်ငံသားများ၊ တိုင်းရင်းသား ပြည်သူများ ဖြစ်သည်ဟု ၃ ကြိမ်ထက် မနည်း ထည့်သွင်း ပြောဆိုသွားသည်။
တနိုင်းမြို့နယ်အတွင်း ဇွန်လ ၃ရက်မှစ၍ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲ များ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဒေသခံ တထောင်ခန့်မှာ ထွက်ပြေးလာကာ လက်ရှိတွင် တနိုင်းမြို့ပေါ်ရှိ ဘာသာ ရေး အဆောက်အအုံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရသည်။
ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည့် မှော်လုပ်သား တသိန်းကျော်မှာလည်း တနိုင်းမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့ သို့ ပြေးသူများ ရှိပြီး နေရပ် အသီးသီးသို့ ပြန်သွားကြသူများလည်း ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်း ရွှေနှင့် ပယင်းမှော်များမှာ နိုင်ငံတော်က ခွင့်ပြုထားခြင်း မဟုတ်ဘဲ KIA ကသာ တူးဖော်ကာ အကျိုးအမြတ် ရနေကြောင်း၊ တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးခြင်းတို့ ဖြစ်နေသဖြင့် တပ်မတော်က နယ်မြေရှင်းလင်းမည်၊ ဒေသတွင်း နေထိုင်သူများ ဇွန်လ ၁၅ ရက်နောက်ဆုံးထား ထွက်သွားကြရန်၊ မသွားပါက KIA နှင့် အလိုတူအလိုပါများ ဖြစ်သည်ဟု သတ်မှတ်မည် ဖြစ်ကြောင်း ရေးသားထားသည့် လက်ကမ်း စာစောင်များကို ရဟတ်ယာဉ်ဖြင့် တနိုင်းမြို့နယ်အတွင်း တပ်မတော်က ကျဲချခဲ့ပြီး တိုက်ပွဲများ ဆင်နွဲခဲ့ခြင်း ဖြစ်သည်။
တပ်မတော်နှင့် KIA မှာ လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးကလည်း ဦးလင်းလင်းဦး၏ အဆိုကို ထောက်ခံပြီး တနိုင်း မြို့နယ်နှင့် ဖားကန့်မြို့နယ်မှာ နယ်နိမိတ်ချင်း မိုင် ၈၀ ခန့် ထိစပ်နေသဖြင့် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပါက ဖားကန့်မြို့နယ်သို့လည်း ကူးစပ်လာသည်ဟု ပြောသည်။
တနိုင်းနှင့် ဖားကန့်မြို့နယ်အတွင်း ၂၀၀၀ ခုနှစ် ဝန်းကျင်မှစ၍ ဒေသခံပြည်သူများက တရားမဝင် ရွှေတူးဖော်ခြင်းများ လုပ်ကိုင်ကြကြောင်း၊ ထိုမှတဆင့် ကချင်ပြည်နယ် အတွင်းရှိ ပြည်သူများ၊ အခြား ဒေသမှ ရွှေ့ပြောင်း လုပ်သားများ အများအပြား ရောက်ရှိလာကြပြီး ရွှေတူးဖော်ရေး လုပ်ကြကြောင်းလည်း ဦးတင့်စိုးက ပြောဆိုသည်။
အဆိုပါ ဒေသတွင် ရွှေတူးဖော်ရေး လုပ်သားများသာမကဘဲ ရွှေရောင်းဝယ်ကြသူများ၊ ရွှေတူးဖော်ရာတွင် အသုံးပြု သည့် ပစ္စည်း ရောင်းဝယ်ကြသူများ၊ စက်သုံးဆီ၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်း ရောင်းသူများ၊ စက်လှေ၊ ကား၊ ဆိုင်ကယ် ပြေးဆွဲကြသူများလည်း အများအပြားရှိနေကြောင်း၊ ထိုသူတို့ အားလုံး၏ အလုပ်အကိုင်၊ စားဝတ်နေရေးမှာ တရားမဝင်ရွှေ၊ ပယင်း လုပ်ကွက်များပေါ်တွင် မှီခို နေရခြင်း ဖြစ်ကြောင်းလည်း ဦးတင့်စိုးက ပြောသည်။
ဒေသခံများထံမှ စုံစမ်းသိရှိချက်အရ ပယင်းနှင့် ရွှေမှော်များတွင် လူဦးရေ သိန်းနဲ့ချီ နေထိုင်နေပြီး ၂၀၁၄ ခုနှစ်တွင် ပယင်း မှော်တခုတည်းတွင် လူဦးရေ ၅ သိန်းကျော် နေထိုင်နေသည်ဟု ဦးတင့်စိုးက ပြောသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လကလည်း ဖားကန့်မြို့နယ် လီဒိုလမ်းမတလျှောက်ရှိ ရှထူးဇွပ် နှင့် ဝါရာဇွပ် ကျေးရွာ တို့ရှိ ရွှေမှော် များကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရာ KIA နှင့် တိုက်ပွဲဖြစ်ပွားပြီး မှော် ၁၀ ခုခန့် ပျက်စီးသွားကာ ရွှေ့ပြောင်း လုပ်သားများ ထွက်ပြေးခဲ့ရသည်။
တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ခန့်လည်း ယခုအချိန်ထိ ဒုက္ခသည် စခန်း များတွင် နေထိုင်နေရသည်။
နိုင်ငံတော်၏ သယံဇာတဆုံးရှုံးသည့်အပေါ် တပ်မတော်က နယ်မြေလိုက်လံ ရှင်းလင်းရာ တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ဖြစ်ပွားသည့်အပြင် မြေဇာပင်ဖြစ်ပြီး ဒုက္ခရောက်ရသည်မှာ ပြည်သူလူထုများ ဖြစ်သဖြင့် အလုပ်အကိုင် ရှားပါးမှုကြောင့် တရားမဝင် လုပ်ကိုင်နေသည့် နိုင်ငံသားများကို နိုင်ငံတော်မှ တရားဝင် လုပ်ကိုင်ခွင့်များ ချပေးသင့် သည် ဟုလည်း ဦးတင့်စိုးက ပြောဆိုသည်။
“သိန်းနဲ့ချီရှိတဲ့ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုကို အားလုံး ခံစားနားလည် ပေးစေချင်ပါတယ်။ နိုင်ငံတော်က တရားဝင် လုပ်ကိုင်ခွင့်တွေ ချမှတ် လုပ်ကိုင်စေမယ်ဆိုရင် ဘယ်သူကမှ ဘဝပျက်စေမယ့် အဖြစ်မျိုးတွေ ကြုံပြီး တရားမဝင် လုပ်ကိုင် စားသောက်ကြမှာ မဟုတ်ပါဘူး”ဟု ဦးတင့်စိုးက ဆိုသည်။
ဦးတင့်စိုးက ဦးလင်းလင်းဦး၏ အဆိုကို ထောက်ခံသည့်အပြင် တနိုင်း၊ ဖားကန့်မြို့နယ်တို့ အတွင်းရှိ ပြည်သူလူထု၏ အလုပ်အကိုင်၊ စားဝတ်နေရေး ရရှိစေရေးကိုလည်း ပြည်ထောင်စုအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ညှိနှိုင်းတိုင်ပင်ကာ လုပ်ပိုင်ခွင့်များ ချပေးစေလိုသည်ဟု ပြောဆို သွားသည်။
လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ယင်းအဆိုကို ဆွေးနွေးရန် အမတ်အားလုံးကို မေးမြန်းရာ ထောက်ခံကြသဖြင့် ဦးလင်းလင်းဦး၏ အဆိုကို လာမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်သည်။
ဆွေးနွေးမည့် လွှတ်တော်အမတ်များက မိမိတို့ အမည်စာရင်းများကို ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီအထိ ပြည်သူ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ထံတွင် ပေးသွင်းရမည်ဟု သိရသည်။