စာပေဟောပြောပွဲများတွင် စာပေအကြောင်းအရာများ ဟောပြောခြင်းထက် ပါတီကြီးတခု၏ နိုင်ငံရေးမဲဆွယ်ပွဲကဲ့သို့ ဟောပြောမှုများ ဖြစ်လာနေသည်ကို ထိန်းကျောင်းနိုင်မည့် ဥပဒေတခု ရေးဆွဲပြဌာန်းပေးရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်က တောင်းဆိုခဲ့သည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ယခင်စက်မှုဝန်ကြီးဟောင်းဖြစ်သူ ဦးမောင်မြင့်က “စာပေဟာ စာပေအတွက်၊ စာပေဟာ ပြည်သူအတွက် ဖြစ်သင့်ပေမယ့် အခုတော့ အရောင်ဆိုးခံနေရပြီလို့ နားလည် ခံစားရပါတယ်။ စာပေဟောပြောပွဲများဟာ အစိုးရရဲ့လက်ကိုင်တုတ်ယန္တရား မဖြစ်စေဖို့အတွက် ဥပဒေတရပ်ထုတ်ပြန်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းလိုပါတယ်” ဟု ယနေ့လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ထိုသို့မေးမြန်းမှုအပေါ် ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်က “ကိုယ်စားလှယ်ကြီးရဲ့မေးခွန်းမှာ စာပေဟောပြောပွဲ အမည်ခံ နိုင်ငံရေးဟောပြောပွဲများကို အကန့်အသတ်မရှိ ဆောင်ရွက်နေကြတယ်လို့ ပါရှိပါတယ်။ စာပေဟောပြောပွဲမှ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားအားလုံးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ မှာ ပါရှိတဲ့ အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
တည်ဆဲဥပဒေဖြစ်သည့် ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကစ၍ မြို့နယ်၊ခရိုင်၊ အုပ်ချုပ်ရေးမှူးများအထိ အဆင့်ဆင့် ထောက်ခံချက်များကို တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဝန်ကြီးဒေါက်တာဖေမြင့်က ဆက်ပြောသည်။
“ဒီသဘောအရ စာပေဟောပြောပွဲများမှာ ဟောပြောသူတို့အနေနဲ့ ၎င်းတို့အသီးသီးရဲ့ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ဟောပြောနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ သို့သော် လွတ်လပ်မှုကို ကျင့်သုံးရာမှာ လွန်ကျွံမှုမဖြစ်စေဖို့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပါတယ်” ဟု ဒေါက်တာဖေမြင့်က ဆိုသည်။
ဝန်ကြီး၏ ပြောဆိုချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က“ တနိုင်ငံလုံးမှာ လုပ်နေတဲ့ စာပေဟောပြောပွဲတွေကို စည်းကမ်းစနစ်တကျ ရှိစေချင်တယ်။ ပြီးတော့ ဟောပြောတဲ့ စာရေးဆရာတွေဟာ ပါတီကြီးတခုရဲ့ လက်ကိုင်တုတ်ဖြစ်နေတယ်လို့ ကျနော်ကယူဆလို့ ဒါတွေကို ဥပဒေနဲ့ထိန်းကျောင်းချင်တဲ့ သဘောပါ။ ဝန်ကြီးဌာနက ဥပဒေနဲ့မထိန်းဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ရေးခွင့် ရှိတယ်။ တင်ခွင့် ရှိတယ်။ ဝန်ကြီးဌာနက မလုပ်ဘူးဆိုရင် ကျနော်တို့ဆက်လုပ်သွားမယ်” ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။
ထိုသို့ပြောဆိုမှုနှင့် ပတ်သက်ပြီး စာရေးဆရာသရဝဏ်(ပြည်)က စာရေးဆရာ ဦးဘုန်း (ဓါတု)၊ ဗေလုဝ၊ ညီမင်းညိုနှင့် ၎င်းတို့သည် NLD ပါတီဝင် မဟုတ်သော်လည်း တိုင်းပြည်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်အတွက် ရည်မှန်းချက်တူညီစွာ ဟောပြောခဲ့ကြကြောင်း၊ ၎င်းတို့ စာပေ လှည့်လည်ဟောပြောရာတွင် မင်းကင်းမြို့နယ်သို့လည်း သွားရောက်ဟောပြောခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“ဓမ္မနဲ့ အဓမ္မ ရင်ဆိုင်တိုက်ပွဲ ဖြစ်တဲ့အခါ ဓမ္မဘက်က ကိုယ်နိုင်သလောက် ဝင်ရပ်ပေးတဲ့ သဘောပါပဲ။ ကျနော်တို့က NLD ရယ်၊ ကြံ့ခိုင်ရေးရယ် မဟုတ်ဘူး။ တိုင်းပြည်ကို မကောင်းအောင် နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ စနစ်တခုကို ဝိုင်းဆန့်ကျင့်ရမှာပဲ” ဟု ၎င်းက ဆိုသည်။