အစိုးရနှင့် လွှတ်တော်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းလာသည်ကို အသိအမှတ်ပြုသော်လည်း အများပြည်သူ၏ အကြံပြု ဆွေးနွေးမှုများ မပါဘဲ အဆောတလျင် မဆောင်ရွက်ရန် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရသည်။
ပုဒ်မ ၆၆ ဃ အပါအဝင် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အပေါ် ယနေ့ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်း အဝေး၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တင်သွင်းပြီးချိန်တွင် ရန်ကုန်မြို့၊ MAC တာဝါ ၊ ဖန်တီးရာ ရုံးခန်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ပြင်ဆင်ဖို့ လိုတာ မှန်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း ပြည့်စုံလုံလောက် ကောင်းမွန်တဲ့ အများပြည်သူနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပွဲတွေ လုပ်ပြီးမှ ဆောင်ရွက်ဖို့ လိုပါတယ်။ အခု ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အများပြည်သူကို မှတ်ချက်ပေးပါဆိုပြီး ဖိတ်ခေါ်တာမျိုး မတွေ့ရဘဲ မြန်မြန် pass လုပ်ချင်တဲ့ အနေအထားမျိုး တွေ့ရတယ်” ဟု အဖွဲ့ဝင် တဦးဖြစ်သူ မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာနမှ ဒေါ်ဝေဖြိုးမြင့်က ရှင်းလင်းပွဲတွင် ပြောသည်။
မည်သို့မျှ မပြုလုပ်ဘဲ ထိုင်နေခြင်းနှင့်စာလျှင် ပြည်သူ့အသံ ကြားရရန် စတင်ပြုလုပ်ခြင်းဖြစ်ပြီး ရှေ့တပတ် လွှတ်တော်တွင် ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များ ဆွေးနွေးသည့်အခါမှသာ ပြည်သူ့အသံများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ဦးကျော်မျိုးက ဇူလိုင်လ ၁၃ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။
ထုတ်ပြန်ခဲ့သည့် ဥပဒေ(မူကြမ်း)တွင် အပိုဒ် ၄ ပိုဒ် ပါဝင်ပြီး ပထမအပိုဒ် ၂ ခုသည် ဥပဒေအမည် သတ်မှတ်ခြင်းနှင့် ဝန်ကြီးဌာန အမည်ပြောင်းလဲခြင်းသာဖြစ်ပြီး ကျန်အပိုင်းနှစ်ခုမှာ ဖေ့စ်ဘုတ်အပါအဝင် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားမှုအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်သည့် ပုဒ်မ ၆၆ဃကိုသာ ဦးတည် ပြင်ဆင်သည့် အချက်များဖြစ်ကြောင်း ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းဥပဒေမူကြမ်းတွင် အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် ဆက်လက်ထားရှိခြင်းနှင့် ချက်ချင်းဖမ်းဆီးမှုကို ကာကွယ်ပေးနိုင်မှု မရှိခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမှ ကာကွယ်ပေးနိုင်မှု မရှိခြင်း၊ ဝန်ကြီးဌာန၏ သုံးသပ် ဆန်းစစ်နိုင်သည့် အခွင့်အာဏာကို ပယ်ဖျက်ပြီး ရဲဌာန၏ ဆုံးဖြတ်ချက် တခုတည်းဖြင့်သာ စစ်ဆေး၊ ဖမ်းဆီး၊ အရေးယူနိုင်မည်ဖြစ်၍ လူ့အခွင့်အရေးအပေါ် ပိုမိုဆိုးရွားသည့် သက်ရောက် မှုများ ဖြစ်ပေါ်လာနိုင်စေခြင်း ဟူသည့် အချက်များ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ဇာခြည်ဦး (PEN Myanmar) က “ ၆၆ ဃကို ပြင်တယ်ဆိုတဲ့နေရာမှာ ကျမတို့ ပြင်စေချင်တဲ့ ပုံစံမျိုး၊ နိုင်ငံတကာ စံနှုန်းနဲ့ ညီညွတ်တဲ့ ပုံစံမျိုး၊ ပြည်သူအပေါ်မှာ တကယ် အကာအကွယ်ပေးနိုင်တဲ့ပုံစံမျိုး ပြင်ထားတာ မဟုတ်ဘူး။ ဒီဥပဒေက ပြင်ဆင် ချင်ယောင် ဆောင်ထားတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို အပြီး ပယ်ဖျက်ရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းများအပေါ် သက်ရောက်မှု ရှိနေသော ဆက်သွယ်ရေးဥပဒေပါ တခြားပုဒ်မများအား ပြန်လည် သုံးသပ် ပြင်ဆင်ရန်နှင့် ဥပဒေပြင်ဆင်ရာ အဆင့်တိုင်းတွင် အများပြည်သူ ပါဝင်သော ညှိနှိုင်း ဆွေးနွေး တိုင်ပင်မှုများ ဆောင်ရွက်ရန် တောင်းဆိုထားမှုကို အစိုးရနှင့် လွှတ်တော်အနေဖြင့် လျစ်လျူရှုနေသည်ဟု ပူးပေါင်းအဖွဲ့ဝင်များက ပြောသည်။
ပူးပေါင်းအဖွဲ့အနေဖြင့် ၎င်းတို့၏ ဥပဒေကြမ်းအပေါ် သုံးသပ်ချက်နှင့် ပြင်ဆင်သင့်သည့် ပုဒ်မများအပေါ် အကြံပြုချက်များကို လွှတ်တော်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့သွားမည် ဖြစ်သကဲ့သို့ တဖက်တွင်လည်း ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး အွန်လိုင်းလက်မှတ် ရေးထိုး လှုပ်ရှားမှုတခု ပြုလုပ်နေကြောင်း သိရသည်။
အများပြည်သူတို့၏ အကြံပြု ဆွေးနွေးမှုများ ပါဝင်မှုကို တွန်းအားပေးရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား လူထုက စာရေးသား တောင်းဆိုသည့် အွန်လိုင်းလှုပ်ရှားမှုတရပ် ပြုလုပ်ရန်လည်း ပြင်ဆင်နေကြောင်း အဖွဲ့ဝင်တဦးဖြစ်သူ ကဗျာဆရာ မောင်ဆောင်းခက ပြောသည်။
“ဥပဒေတခုဟာ တခါပြင်ပြီးရင် လိုအပ်ချက်ရှိနေလို့ နောက်တကြိမ် ပြန်ပြင်ဖို့ဆို နှစ်အတန်ကြာဦးမှာ ဖြစ်တဲ့အတွက် ပြင်တဲ့ အချိန်မှာ တခါတည်းနဲ့ ပြည့်စုံလုံလောက်တဲ့ ပြင်ဆင်မှုမျိုး ဖြစ်အောင်လို့ အများပြည်သူ ပါဝင်နိုင်တဲ့ လမ်းကြောင်းမျိုး ဖွင့်နိုင်ဖို့ ဒီပွဲကနေ တောင်း ဆိုချင်ပါတယ်” ဟု အဖွဲ့ဝင်တဦးဖြစ်သူ MJN အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။
လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များအတွက် လှုပ်ရှားနေသော အဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့များ ပါဝင်သည့် ၂၂ ဖွဲ့သည် ၂၀၁၇ အစောပိုင်းကစ၍ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့အဖြစ် စုစည်းခဲ့ပြီး ဆက်သွယ်ရေးဥပဒေအား လူ့အခွင့်အရေး အလေးထားသည့် ဥပဒေတရပ်အဖြစ် ပြင်ဆင် ပြောင်းလဲနိုင်ရန် ဆောင်ရွက်နေခဲ့သည်။