ထိုင်းနိုင်ငံမှတဆင့် မလေးရှားပင်လယ်ပြင်ရှိ ငါးဖမ်းလှေသို့ ရောင်းစားခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၆ ဦးကို မလေးရှားနယ်စပ်မှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရောင်းစားခံကြရသည့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်အကိုင်၊ နေထိုင်စားသောက်ရေး အဆင်မပြေသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရန် လူပွဲစားများထံ အကူအညီတောင်းခံရာ ငါးဖမ်းလှေသို့ ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ထိုအလုပ်သမားများကို ကယ်ထုတ်ရာတွင်ပါဝင်ခဲ့သူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ( MAT ) မှ ဦးစိုင်းအေးက ဧရာဝတီကို ပြောသည်။
“ကိုယ့်နိုင်ငံကိုပြန်ဖို့ ပွဲစားနဲ့ ဆက်သွယ်တယ်။ ပွဲစားက ပို့ပေးမယ်ဆိုပြီး လှေပေါ်ကိုပို့လိုက်တာ။ လှေပေါ်မှာ အခြေအနေ မကောင်းတာကြောင့် ကျနော်တို့ဆီကို ဆက်သွယ်လာတဲ့အတွက် မြန်မာသံရုံးကို အကြောင်းကြားပြီး ထိုင်းနိုင်ငံ အာဏာပိုင်တွေရဲ့ အကူအညီတွေနဲ့ မလေးရှားနယ်စပ်မှာ သွားပြီးကယ်တင်နိုင်ခဲ့တာပါ” ဟု ၎င်းက ရှင်းပြသည်။
ငါးဖမ်းလှေသို့ ရောင်းစားခံရသူများသည် မလေးရှားနယ်စပ်မှတဆင့် ထိုင်းတောင်ပိုင်းသို့ ဇူလိုင်လ ၁၃ ရက်က ရောက်ရှိလာကြပြီး၊ ထိုင်းနိုင်ငံတောင်ပိုင်းရှိ နာရာသီဝနယ်မြေရှိ ရဲစခန်းတွင် ခေတ္တခေါ်ယူ စောင့်ရှောက်ထားကြောင်း သိရသည်။
ထိုအလုပ်သမားများသည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ ပင်လယ်ပြင်များရှိ ငါးဖမ်းလှေပေါ်တွင် နေထိုင်ခဲ့ရကြောင်း၊ လှေပေါ်၌ နေထိုင်စားသောက်ရေး အခက်အခဲများအပြင် ခြိမ်းခြောက်မှုများလည်းရှိကြောင်း လွတ်မြောက်လာသူ ဦးဦးကျော်ဝင်းက ဧရာဝတီကို ပြောသည်။
“ထိုင်းနိုင်ငံမှာ အလုပ်ကအဆင်မပြေ၊ ရဲက ခဏခဏဖမ်းတော့ အပြင်မထွက်ရဲတော့ဘူး။ ညဘက်တွေမှာလည်းပဲ ကောင်းကောင်း မအိပ်ရဲကြဘူး။ အဲဒါကြောင့် ကိုယ့်နိုင်ငံကိုပဲပြန်တော့မယ်ဆိုပြီး ပြင်ဆင်တာကတဆင့် မလေးနယ်စပ် ပင်လယ်ဘက်ကို ရောက်သွားကြတာပါ။ လွတ်မြောက်လာတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ်က ၎င်းတို့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ ပန်းရံအလုပ်ကို လုပ်ကိုင်ကြကြောင်း၊ ထိုင်းနိုင်ငံ၌ အဆင်မပြေ၍ မိမိတို့နိုင်ငံသို့ပြန်လာရန် ဆန္ဒရှိသော်လည်း ခရီးစရိတ်မလုံလောက်၍ ခရီးစရိတ် ရရှိရန်၊ အလုပ်ပေးမည်ဟု ပွဲစားကပြောဆိုပြီး၊ လှေပေါ်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ဦးဦးကျော်ဝင်းက ရှင်းပြသည်။
ငါးဖမ်းလှေပေါ်မှ လွတ်မြောက်လာသူများကို ထိုင်းတောင်ပိုင်းရှိရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးပါက၊ ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများသို့ ပို့ဆောင်ခံရမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ ထိန်းသိမ်းရေးစခန်းတွင် ၆ လ မှ ၈ လ အထိ ကျခံရနိုင်ကြောင် MAT အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
ဦးကျော်သောင်းက “ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုဥပဒေအရ ထိန်းသိမ်းရေးစခန်းမှာ ၆ လကနေ ၈ လအထိ ကျခံရမယ်ဆိုပေမယ့် နှစ်နိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ မြန်မာအစိုးရက ကူညီမယ်ဆိုရင် သူတို့ဟာ ထိန်းသိမ်းရေးစခန်းထဲမှာ အကြာကြီးနေစရာ မလိုဘဲ ပြန်လည်လွတ်မြောက်နိုင်ပါတယ်” ဟု ဆိုသည်။
ငါးဖမ်းလှေပေါ်မှ ကယ်တင်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၆ ဦး အနက်၊ ၁၅ ဦးသည် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များမှဖြစ်ပြီး၊ ကျန်တဦးသည် ပဲခူးတိုင်းမှဖြစ်ကြောင်း MAT အဖွဲ့က ပြောသည်။
ထိုလူ ၁၆ ဦးအနက် အငယ်ဆုံးသည် အသက် ၁၄ နှစ် ရှိပြီး၊ ၁၇ နှစ်မှ ၄၇ နှစ် အထိပါဝင်ကြောင်း၊ ၎င်းတို့အား ကယ်တင်နိုင်ရန် အချိန် ၆ ရက် ကြာမြင့်ခဲ့ကြောင်း၊ ၁၆ ဦး စလုံးသည် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင် လာရောက်ကြသူများ မဟုတ်ဘဲ ပွဲစားများဖြင့် ရောက်လာကြသူများဖြစ်ကြောင်း ဦးကျော်သောင်းက ဆက်ပြောသည်။
MAT အဖွဲ့သည် ထိုင်းနိုင်ငံ၌ လူကုန်ကူးခံခဲ့ရသူများအား ကယ်တင်ခဲ့ရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအထိ မြန်မာအလုပ်သမား စုစုပေါင်း ၁၃၀၀ ကျော် ကယ်တင်နိုင်ခဲ့ကြောင်း MAT အဖွဲ့က ပြောသည်။