မြန်မာ – တရုတ် နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ့ဆုံ ဆွေးနွေးရန် မဟာမိတ် ဖွဲ့ထားသော်လည်း အစိုးရက “မြောက်ပိုင်း အဖွဲ့” အမည်ဖြင့် လက်ခံတွေ့ဆုံမည် မဟုတ်ဘဲ တဖွဲ့ချင်းစီ အနေဖြင့်သာ တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်စိုး က “မြောက်ပိုင်းအဖွဲ့ ဆိုတာ ကို ကျနော်တို့ဘက်က လက်မခံဘူးခင်ဗျ။ သူတို့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်း အဖွဲ့ဆိုတာကို အစိုးရဘက်က လက်မခံဘူး ပြောထားပြီးသား။ တဖွဲ့ချင်းက အချိန်မရွေး တွေ့လို့ရတယ်။ ဘယ်လိုပဲ ညှိနှိုင်းရညှိနှိုင်းရ၊ ကျနော်တို့ ဘက်က အဆင်သင့် ရှိမယ်” ဟု ဧရာဝတီသို့ ပြောသည်။
‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) က ဦးဆောင်၍ မြန်မာ – တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အမည်ဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ တတိယ အပတ်တွင် ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီ အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးလျှင် တဖွဲ့ချင်းစီ တွေ့ဆုံ ဆွေးနွေးမည် မဟုတ် ဘဲ ၎င်းတို့ ဖွဲ့စည်းထားသော FPNCC အနေဖြင့်သာ တွေ့ဆုံမည်ဟု ထုတ်ပြန်ထားသည်။
FPNCC တွင် UWSA အပါအဝင် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
မြောက်ပိုင်း ၇ ဖွဲ့အနေဖြင့် အစိုးရနှင့် တွေ့ဆုံသည့်အခါတွင် FPNCC အနေဖြင့် တွေ့ဆုံဆွေးနွေးမှသာ နိုင်ငံရေး အရ လက်တွေ့ကျကျ ဖြေရှင်းနိုင်မည်ဟု သဘောထားရှိကြောင်း၊ သို့သော်လည်း အစိုးရအနေဖြင့် တဖွဲ့ချင်းစီ ခွဲတွေ့ရန် သဘောထား ရှိနေသဖြင့် မြောက်ပိုင်းအဖွဲ့များကြား သဘောထားပြန်ညှိနှိုင်းရန် လိုအပ်ကြောင်း TNLA အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် မိုင်းဘုန်းကျော် က ပြောသည်။
ဗိုလ်မှူးချုပ် မိုင်းဘုန်းကျော် က “အစိုးရဘက်က အဲဒီလိုသဘောထား ရှိလိမ့်မယ်လို့ ကျနော်တို့ နဂိုကတည်းက မှန်းတော့ မှန်းထားပါတယ်။ တကယ်လို့ အစိုးရက အခုလို သဘောထားရှိမယ်ဆိုရင် တဖွဲ့ချင်း၊ တွေ့နိုင်မယ် မတွေ့ဘူး ဆိုတာကို ကျနော်တို့ (FPNCC) ကြားထဲမှာ အစည်းအဝေး ပြန်ထိုင်ဖို့လိုမယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ထံမှ တဆင့် ဇွန်လ လယ်ပိုင်းတွင် တစ်ဖွဲ့ချင်းစီ ခွဲတွေ့ရန်၊ သို့မဟုတ် UWSA၊ SSPP နှင့် NDAA တို့ကို တစု KIO၊ TNLA၊ MNDAA နှင့် AA တို့ကို တစု ခွဲ၍ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း ခွဲတွေ့မည့် အခြေအနေကို FPNCC ဘက်က လက်မခံသဖြင့် တွေ့ဆုံဆွေးနွေးရန် ပျက်ပြယ်ခဲ့သည်ဟု သိရသည်။
လတ်တလောတွင် ထိုအဖွဲ့ဝင် ၇ ဖွဲ့အနက် KIO နှင့် TNLA လက်အောက်ခံ တပ်များနှင့် တပ်မတော် တပ်ရင်းများကြား ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
UWSA ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့ဝင် ၇ ဖွဲ့အနေဖြင့် နေပြည်တော်တွင် ယခုနှစ် မေလက ပြုလုပ်ခဲ့သော ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲကို တရုတ်အစိုးရ၏ တိုက်တွန်းမှုမှတဆင့် တက်ရောက် ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးသန့် တွေ့ဆုံခဲ့ကြသေးသည်။