၂၀၁၈ နှစ်ဆန်းပိုင်းတွင် နိုင်ငံတဝန်းလုံးမှ ပန်းချီပညာရှင်များ၏ ပန်းချီကားများကို ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်တွင် ထားရှိကာ မြန်မာခေတ်ဆန်းပန်းချီ နှစ် ၁၀၀ ပြည့်ပွဲတော် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံး(ဗဟို)မှ သိရသည်။
“ မြန်မာပန်းချီလောကရဲ့ ပန်းချီဆရာတွေ စုပေါင်း ပါဝင်ပြသသွားမယ်။ ပန်းချီပြပွဲကြီးကို ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖို့ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို)က စီစဉ်နေပါတယ်။ ပုဂံမှာ ကျင်းပသွားမယ်၊ မြန်မာ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့အတွက် တနိုင်ငံလုံးပါဝင်တဲ့ ပန်းချီပြပွဲဖြစ်ဖို့ ရည်ရွယ်ပြုလုပ်တာပါ ” ဟု ပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီဝင် ပန်းချီဆရာ ဦးခင်မောင်စန်းက ပြောသည်။
ယင်းပွဲတော်ကြီးတွင် ပန်းချီဆရာတဦးလျှင် တကားနှုန်းဖြင့် စုပေါင်းပြသမည်ဖြစ်ကြောင်း၊ ပါဝင်ပြသနိုင်ရန် မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံးဝင် ဖြစ်ရန်လိုအပ်သဖြင့် အသင်းဝင်နိုင်ရန် တိုင်း၊ပြည်နယ်အဆင့် အစည်းအရုံးများကို ဖွဲ့စည်းပေးနေကြောင်း ပါဝင်ရေးဆွဲလိုသူများ အနေဖြင့် ၄ပေ×၃ပေဆိုဒ် အသေးဆုံးထားကာ ရေးဆွဲကြရမည်ဖြစ်ပြီး ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်များဖြင့် ရီရယ်လစ်ဇင်၊ မော်ဒန် ကြိုက်နှစ်သက်သလို ရေးဆွဲပေးပို့နိုင်ကြောင်း သိရသည်။
အဆိုပါပြပွဲကြီးကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က နာယကအဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ပြပွဲကျင်းပမည့်ရက်ကို သက်ဆိုင်ရာ ဌာနများဖြင့် ညှိနှိုင်းဆဲဖြစ်၍ ရက်အတိအကျမသိရသေးပေ။
မြန်မာခေတ်ဆန်းပန်းချီ နှစ် ၁၀၀ ပြည့် ပွဲတော်ကြီးတွင် ပန်းချီကား ၂၀၀ ကျော် ပြသနိုင်ရန် မျှော်မှန်းထားပြီး မြန်မာ ခေတ်ဆန်းပန်းချီ နှစ် ၁၀၀ ပြည့် မဂ္ဂဇင်းကိုလည်း ထုတ်ဝေပေးသွားမည်ဖြစ်ရာ ယခုအခါ စာမူတောင်းခံခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။