အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော အပစ်ရပ် ၈ ဖွဲ့နှင့် မထိုးရသေးသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်။
အပစ်ရပ် ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) နှင့် UNFC တပ်ပေါင်းစုက ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့မှ ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ပြီး ထိုအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် ၂ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။
PPWT အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက “ အဓိက ကတော့ အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်တဲ့နေရာမှာ ပိုမိုအားကောင်းလာနိုင်ဖို့အတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြတာ ဖြစ်တယ်” ဟု မီဒီယာများကို ပြောသည်။
အပစ်ရပ်အဖွဲ့က ဖွဲ့စည်းထားသော PPWT နှင့် UNFC က ဖွဲ့စည်းထားသော DPN တို့ အကြား အလုပ်သဘော တွေ့ဆုံမှုမှာ ယခုအကြိမ်သည် “၃” ကြိမ်မြောက်ဖြစ်ပြီး၊ နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး၌ ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်တို့ကိုလည်း ထည့်သွင်းဆွေးနွေးသွားကြမည်ဟု သိရသည်။
ထို့အပြင် မိုင်ဂျာယန်ညီလာခံတွင် ဆွေးနွေးချမှတ်ခဲ့သော လုပ်ငန်းစဉ်များထဲမှ ပင်လုံလက်စွဲစာတမ်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာစာတမ်း (တပ်မတော် အခြေခံမူ)၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) နှင့် ကြားကာလအစီအစဉ်များအတွက် နှစ်ဘက်အလုပ်အဖွဲ့ ဖွဲ့စည်းရေးတို့ ပါဝင်ဆွေးနွေးမည်ဟု ဆိုသည်။
အလားတူ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်မှုနှင့် ပတ်သက်၍ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့်ပတ်သက်၍ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ အစိုးရထံ UNFC က တင်ပြထားသော အချက် ၉ ချက်အပေါ် သဘောထားနှင့် ပူးပေါင်းပါဝင်မှု၊ EAOs မျက်နှာစုံညီ အစည်းအဝေး ခေါ်ယူနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်နိင်ရေးတို့ကို ဆွေးနွေးကြမည်ဟု သိရသည်။
DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က “အခုလို ကျနော်တို့ ဆုံစည်းခြင်းဟာ အခါမနှောင်းသေးဘူး။ ကျနော်တို့ ပြင်ဆင်မှု အားလုံးအတွက် စဉ်ဆက်မပြတ်လုပ်နေတဲ့ ဖြစ်စဉ်တခုလို့ နားလည်တဲ့အတွက်ကြောင့် အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး အတူတကွ၊ အရင့်အရင်ကလိုပဲ မခွဲစတမ်း လက်တွဲပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်တယ်” ဟု တွေ့ဆုံပွဲ အဖွင့်နှုတ်ဆက်စကားတွင် ပြောဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပြီး အပစ်ရပ်အဖွဲ့များဘက်မှ သုံးသပ်မှုအရ NCA ကို အကောင်အထည်ဖော်ဆောင်ရာတွင် အားနည်းချက်၊ ချို့ယွင်းချက်များတွေ့ရှိခဲ့ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆွေးနွေးပွဲ အဖွင့် နှုတ်ဆက်စကားပြောရာတွင် ထည့်သွင်းပြောဆိုသွားသည်။
“ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ လိုအပ်တဲ့ ယန္တရားတွေ၊ တာဝန်ခွဲဝေမှုတွေ လုပ်ပိုင်ခွင့် အာဏာတွေက အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲရှိတဲ့ အတွက်ကြောင့် ကျနော်တို့ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။
UNFC အဖွဲ့သည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေဆဲဖြစ်ပြီး၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။