ပြစ်မှု ပြစ်ဒဏ်များ ပါဝင်သည့် “အစိုးရ အောင်ဘာလေထီ ဥပဒေမူကြမ်း”ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုပေးပါရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်းက ယနေ့ တင်ပြလိုက်သည်။
အောင်ဘာလေသိန်းဆုခွန်ကို ဥပဒေနှင့်အညီ ကောက်ခံရန်၊ e- Lottery စနစ် ကျင့်သုံးနိုင်ရန်၊ ထီလက်မှတ်ကို သတ်မှတ်ဈေးဖြင့် ဝယ်ယူနိုင်ရန်၊ ထီဈေးကွက်ကျယ်ပြန့်လာစေရန်နှင့် အောင်ဘာလေ သိန်းဆုခွန် ခေါင်းစဉ်ဖြင့် အခွန်ဘဏ္ဍာငွေ သိသာစွာ တိုးမြင့်ရရှိရန်အတွက် ပြဌာန်းလိုသည့် ယခု ဥပဒေကြမ်းတွင် အခန်း ၇ ခန်းနှင့် ပုဒ်မပေါင်း ၂၂ ခု ပါဝင်ကြောင်း သိရသည်။
“အခု တင်လာတဲ့ ဥပဒေကြမ်းမှာ အခွန်ဌာနက ညွှန်ချုပ်မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ အများကြီး ဖြစ်နေတယ်။ ဒါပေမယ့် သူတခုခု မှားသွားရင် အရေးယူနိုင်တာမျိုးတော့ မပါဘူး။ e-Lottery စနစ် ကျင့်သုံးမယ်ပြောပြီး အဲဒါကို High Light လုပ်ထားတဲ့ အချက်မပါဘူး။ ဒီကိစ္စကို ဥပဒေကြမ်း ကော်မတီကို တင်ပြတဲ့အခါမှာ ဆွေးနွေးရမယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကေ်ာမတီမှ ဦးနေမျိုးထွန်းက ပြောသည်။
ထီဥပဒေကြမ်းတွင် ညွှန်ကြားရေးမှူးချုပ်သည် ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ခံယူလုပ်ကိုင်ခွင့် ရှိရမည် ဖြစ်ပြီး မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဦးစီးဌာနမှ ဝန်ထမ်းများအား တာဝန်လွှဲအပ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည်။
ယခု ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ဆွေးနွေးမည် ဖြစ်ပြီး ယင်းကော်မတီ၏ သဘောထား မှတ်ချက်နှင့်အတူ ကိုယ်စားလှယ်များကလည်း ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီးမှသာ အတည်ပြုနိုင်လိမ့်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
“အောင်ဘာလေထီနဲ့ ပတ်သက်လို့ လက်ရှိ အနေအထားက ဥပဒေ မရှိသေးဘူး။ Paper Lottery ၊ e-Lottery အတွက်ရော မရှိသေးဘူး။ အဲဒါကြောင့် လုပ်နေတာ။ အခုတော့ ဥပဒေမှာပိုပြီး တိကျဖို့ လိုတာတွေ ရှိနေတယ်။ ပြစ်မှု ပြစ်ဒဏ်တွေကိုလည်း သေချာ စဉ်းစားဖို့ လိုတယ်”ဟု ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးနေမျိုးခွန်းက ပြောသည်။
ထီလက်မှတ်ထုတ်များ ထုတ်ဝေခြင်းကို အစိုးရထီရုံးနှင့် ခွင့်ပြုချက် ရရှိထားသည့် လုပ်ငန်းရှင်မှ အပ မည်သူမျှ ဆောင်ရွက်ခွင့် မရှိဘဲ တားမြစ်ချက်ကို ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ၊ ထောင်ဒဏ်အပြင် ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ အပြစ်ပေးနိုင်ပြီး ဆက်စပ်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းမည်ဟု ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် အတုပြုလုပ်ခြင်း၊ အစိုးရထီမဟုတ်ဘဲ အခြားလက်မှတ်များကို ရောင်းချခြင်း၊ သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချခြင်းများကို လည်း ပြစ်မှုပေါ်မူတည်၍ ထောင်ဒဏ်များ ပါဝင်နေပြီး ငွေဒဏ်အဖြစ် ကျပ်သိန်း ၁၀၀ အထိ ပြစ်ဒဏ်များလည်း ပါဝင်လျက်ရှိသည်။
“အခု အစိုးရရဲ့ ထီပေါ်လစီက YBS လိုပဲ။ ပြည်သူတွေအတွက် လုပ်ပြချင်တယ်။ ပြီးတော့ အစိုးရဘတ်ဂျက်တွေ ရအောင်လုပ်နေတာ။ ထီလုပ်ငန်းရှင်နဲ့ ကိုယ်စားလှယ်ဘက်ကျ မကြည့်ပေးဘူး။ ပြည်သူကို တကယ်ကြည့်ရင် ကျပ် ၂၀၀ တန်နဲ့ပဲ သိန်း ၁ သောင်း ပေးလိုက် ပါလား။ ဘာလို့ ၅၀၀ တန်ဆိုပြီး ရောင်းနေသေးလဲ။ လုပ်ငန်းရှင်တွေမှာလည်း အခွန်တွေ ဆောင်နေရတာ”ဟု မိုးယံထီလုပ်ငန်းမှ Social Media တာဝန်ခံ ဦးတေဇာမင်းက ပြောသည်။
Social Media တာဝန်ခံ ဦးတေဇာမင်းက ကျပ် ၅၀၀ တန်ထီကို မိုးယံပင်ရင်းဆိုင်များတွင် ၅၀၀ ကျပ်ဖြင့် ထိုးနိုင်သော်လည်း နယ်များတွင် ကျပ် ၆၀၀၊ ၇၀၀ တို့ဖြင့် ရောင်းချနေသည်မှာ မှန်ကန်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ဝန်ဆောင်စရိတ်၊ ဆိုင်ခန်းခနှင့် အလုပ်သမားခများတွက်လျှင် မည်သူမျှ ကျပ် ၅၀၀ နှင့် မရောင်းနိုင်တော့ကြောင်း၊ တိုးလာသည့် ထီဂဏ္ဍန်းများကြောင့် ထီလက်မှတ်အကုန် ရောင်းရရန်လည်း မဖြစ်နိုင်သဖြင့် ရောင်းရသည့် လက်မှတ်ပေါ်တွင် အမြတ်ယူသည်မှာ သဘာဝကျကြောင်း သုံးသပ်သည်။
“ကျနော်တို့ဆီမှာ ထီထိုးလို့ ပေါက်ရင် ဘယ်ဆုကြေးမဆို ထီလက်မှတ်နဲ့ မှတ်ပုံတင်ပါရင် ထုတ်ပေးတယ်။ ရတဲ့ငွေပမာဏရဲ့ ၁ ရာခိုင်နှုန်းပဲ ယူတာ။ အဲဒီလို ဝန်ဆောင်မှုပေးနေတာ။ ထီဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကိုလည်း ယူထားတော့ အဲဒါတွေလည်း ကုန်အောင် လုပ်ရတယ်။ ဝန်ထမ်း ၈၀၀ ကျော်နဲ့ run နေတဲ့ ကုမ္ပဏီကြီးပါ”ဟု ၎င်းက ပြောသည်။
ထီထိုးသူများကမူ ၅၀၀ ကျပ်တန် ထီလက်မှတ်ကို ၅၀၀ ကျပ်သာ ပေးလို၍ မင်္ဂလာစုံတွဲ၊ နံပါတ်လှ၍ ဈေးပိုပေးရခြင်းမှာလည်း မဖြစ်သင့်ကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရရှိရန် လိုကြောင်း၊ အစိုးရ အနေဖြင့်လည်း ထီလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ် ရာခိုင်နှုန်းကို လျော့ယူ၍ ထီကိုယ်စားလှယ်များနှင့် ထီထိုးသူများ အဆင်ပြေနိုင်မည့် အနေအထားကို ဖန်တီးပေးသင့်ကြောင်း ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ ဦးနိုင်နိုင်က ပြောသည်။
“အခု ၅၀၀ တန်ထီထွက်လာတော့လည်း ၆၀၀၊ ၇၀၀ ပေးရတယ်။ အစိုးရကလည်း ထီလက်မှတ်တခုအပေါ်မှာ ၆၀ ရာခိုင်နှုန်း အကျိုး အမြတ်ရှိနေရင် ၄၀ ရာနှုန်းလောက်ပဲ ယူပြီး ကျန်တာကို ကိုယ်စားလှယ်နဲ့ ထီထိုးသူတွေကို ပေးသင့်တယ်။ သင့်တင့်တဲ့ အကျိုးအမြတ် ထက်ပိုယူရင် ပိုရောင်းရင်တော့ လောင်းကစားဆန်တယ်လို့ ပြောရမယ်”ဟု ဦးနိုင်နိုင်က ဆိုသည်။