ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ္မကျေးရွာအတွင်း အဆုတ်နာ(တီဘီ)ရောဂါ ဖြစ်ပွားလာမှုများကြောင့် ဒေသခံ များက နမ္မကျေးရွာတွင် တူးဖော်နေသော ကျောက်မီးသွေးတွင်းမှ လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်သည်ဟု စိုးရိမ်နေကြ ကြောင်း ချင်းမိုင်အခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့မှုအရ သိရသည်။
သတင်းထုတ်ပြန်ချက်တွင် ၂၀၁၅ ခုနှစ်ကစ၍ နမ္မကျေးရွာအုပ်စုရှိ နားကွန်နွဲ့၊ နားကွန်၊ ဝမ်လုံ နမ္မ၊ ပါတက်၊ နောင်နွေးရွာ ၅ ရွာမှ ဒေသခံ ကျား ၈ ဦး၊ မ ၂ ဦး စုစုပေါင်း ၁၀ ဦးတို့သည် တီဘီရောဂါကြောင့် သီပေါမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဖော်ပြထားသည်။
“ဆေးရုံမှာလာတက်တဲ့ စာရင်းဇယားတွေ ပြန်ရှာကြည့်လိုက်တော့ ၂၀၁၇ မှာ နမ္မကနေ ဆေးရုံကို လာတက်ပြီးကုသတဲ့ လူနာ လောလောဆယ်မရှိဘူး။ သို့သော် ပြင်ပလူနာဌာနမှာ လာပြပြီး တီဘီပိုးတွေ့လို့ ကုသတဲ့လူနာ ၂ ယောက်နဲ့ စစ်ဘေး ရှောင်နေရာကနေ လာရောက်ကုသတဲ့ ၁ ယောက် စုစုပေါင်း လူနာ ၃ ယောက်။ ၂၀၁၇ ဇူလိုင်လ ဒီနေ့ထိတော့ ဆေးရုံမှာ မကုဘဲ အဆုတ်ရောဂါ တီဘီတိုက်ဖျက်ရေးဌာနမှာ လာကုသွားတဲ့သူ ၃ ယောက်ရှိပါတယ်” ဟု သီပေါမြို့နယ် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာလှထွန်းက ဧရာဝတီကို ပြောသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် တီဘီရောဂါဖြစ်ပွားမှုသည် ကျောက်မီးသွေးတူးဖော်မှု၏ ဆိုးကျိုးများ ကြောင့်ဖြစ်ကြောင်း၊ ကျောက်မီးသွေးတူးဖော်ရာမှ ဖြစ်ပေါ်လာသော ဖုန်မှုန့်၊ ကျောက်မီးသွေး သိမ်းဆည်းထားခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ပုံထားခြင်းများကြောင့် ဖြစ်ပေါ်လာသော အနံ့အသက်နှင့် မီးခိုးငွေ့များကြောင့် အဆုတ်ကို ထိခိုက်စေ ကြောင်း ဖော်ပြထားသည်။
အဆုတ်နာ(တီဘီ)ရောဂါသည် တီဘီရောဂါပိုးရှိသူမှတဆင့် တခြားတယောက်ကို ထပ်မံကူးစက်ခြင်းဖြစ်ပြီး ကျောက်မီး သွေးကြောင့် တီဘီရောဂါမဖြစ်သော်လည်း ကြာရှည်လာပါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ရလာနိုင်ကြောင်း ဒေါက်တာလှထွန်းက ပြောသည်။
“ကျောက်မီးသွေးကြောင့် တီဘီမဖြစ်တာမှန်ပေမယ့် ကျောက်မီးသွေးကြောင့် ကြာလာရင် အဆုတ် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါတွေ ရလာနိုင်ပါတယ်။ နာတာရှည်အဆုတ်ရောဂါနဲ့ Progressive lungs fibrosis တော်တော်ဆိုးတဲ့ ရောဂါဖြစ်မယ်” ဟု ၎င်းက ဆိုသည်။
၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နမ္မကျေးရွာမှ သီပေါပြည်သူ့ဆေးရုံသို့ တီဘီရောဂါ လာရောက်ကုသမှုမရှိဘဲ ၂၀၁၅ တွင် တီဘီရောဂါ လာရောက်ကုသသူ ၂ ဦး၊ ၂၀၁၆ တွင် ၁ ဦးရှိပြီး ၂၀၀၃ မှ ၂၀၁၇ အထိ စုစုပေါင်း ၆ ဦးရှိကြောင်း ဒေါက်တာ လှထွန်းက ပြောသည်။
တီဘီရောဂါဖြစ်ပွားသူများအနေဖြင့် သီပေါပြည်သူ့ဆေးရုံသို့ သွားရန် ခရီးအကွာအဝေး၊ ငွေကြေးကုန်ကျမှုနှင့် ဘာသာ စကားအခက်အခဲတို့ကြောင့် သွားရောက်ကုသရန် အခက်အခဲရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
နမ္မကျေးရွာအုပ်စုတွင် ကျေးရွာ ၇ ရွာရှိပြီး လူဦးရေ ၁၅၀၀ ခန့်နေထိုင်ကာ ကျောက်မီးသွေးတွင်းကြောင့် လေထုညစ်ညမ်းမှု အပြင် စိုက်ပျိုးမြေဆုံးရှုံးခြင်း၊ ရေစီးရေလာပိတ်ဆို့ခြင်း၊ ရေညစ်ညမ်းခြင်း စသည့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။
သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက “သူတို့ပြောပြချက်အရ ကျောက်မီးသွေးတွင်းတွေတူးတော့ တွင်းအနက်ကြီးတွေဖြစ်တယ်။ အရင်တုန်းက မိုးရွာရင် လယ်ထဲရေဝင်ပြီး လယ်ကောင်းကောင်းလုပ်စားလို့ရတယ်။ နောက် ပိုင်းကျတော့ တွင်းနက်ထဲကိုပဲဝင်ပြီး လယ်ထဲမဝင်တော့ဘူး။ နောက် ကျောက်မီးသွေးအမှုန့်တွေက မိုးရွာရင် အနီးက ချောင်းထဲကိုစီးဝင်တော့ သောက်တာလည်း ဒီရေ။ စပါးခင်းထဲသွင်းတာလည်း ဒီရေပဲဆိုတော့ အနည်းနဲ့အများ ထိခိုက်တာ ပဲ။ တူးပြီးပုံထားတဲ့ မြေစာပုံကလည်း တောင်လိုအမြင့်ကြီးဆိုတော့ ပြိုကျရင် အန္တရာယ်များတယ်” ဟု ရှင်းပြသည်။
နမ္မဒေသခံများသည် ကျောက်မီးသွေးတူးဖော်ခြင်းရပ်တန့်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ၂၀၁၆ ဧပြီတွင် ငွေရည်ပုလဲ ကုမ္ပဏီမန်နေဂျာနှင့် တွေ့ဆုံပြီး ကျောက်မီးသွေးတူးဖော်ခြင်းကို ရပ်တန့်ရန်နှင့် ပိန်းဆိုင်းရှိ မတူးဖော်တော့သည့် ကျောက် မီးသွေးတွင်းဟောင်းကို မြေပြန်ဖို့ပေးရန် တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း သိရသည်။