ဧရာဝတီမြစ် ၊ ချင်းတွင်းမြစ် နှင့် ငဝန်မြစ်များ မြို့တချို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ် (ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၇၂ ပေ) အထက် ၂ လက်မခန့် မြင့်တက်နေပြီး ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ် ထက် ၁ပေခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ၁ပေခန့်စီ ဆက်လက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လက်ရှိ ပခုက္ကူမြို့နယ်တွင် ကျေးရွာအုပ်စု ၈ အုပ်စု နှင့် ရပ်ကွက်ကြီး ၃ ခုသို့ မြစ်ရေဝင်ရောက်နေပြီး လူဦးရေ ၆၄၆၂ ဦး ရေဘေးရှောင် စခန်းများသို့ သွားရောက်နေရကာ စာသင်ကျောင်း၃၆ကျောင်း ပိတ်ထားရကြောင်း ပခုက္ကူမြို့နယ် အထွေထွေ အုုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ဧရာဝတီသို့ ပြောသည်။
“ကျွန်းကျေးရွာတွေက တော်တော်တက်နေပြီ။ မြို့ပေါ် ရပ်ကွက်တွေကျတော့ ကမ်းနားပိုင်းတွေလောက်ပဲ ဝင်ပါသေး တယ်။ ရေဘေးရှောင် မိသားစုတွေကတော့ လူကယ်ပြန်နဲ့ ဆောက်ထားတဲ့ စခန်းမှာလည်း ရှိပါတယ်။ ကယ် ဆယ်ရေးအဖွဲ့တွေက အရင်နှစ်တွေက အတိုင်းပဲ ကုန်းမြင့်ရာဒေသတွေ ၊ ဘုန်းကြီးကျောင်းတွေကို အစုစု သွားနေကြ တာပါ” ဟု ၎င်းက ပြောသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ရရှိသော စာရင်းအရ ပခုက္ကူမြို့ရှိ ရေဝင်ရောက်နေသည့် ရပ်ကွက်ကြီးများမှာ ရပ်ကွက် ၁ ၊ ၉ ၊ ၁၀တို့ ဖြစ်ပြီး ကျေးရွာအုပ်စု ၈ အုပ်စုမှာ ရှားပင်၊ ကျွဲတည်း ၊ ကွမ်းရွာ ၊ မြို့စိုး ၊ စိတ်ခ၀ ၊ မဲဇလီပင်ကုန်း ၊ ကျွန်းညိုကြီး ၊ နတ်ကျွန်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ၂ ပေခွဲခန့် ၊ဖောင်းပြင်မြို့တွင် ၃ ပေခန့် ၊ မော်လိုက်မြို့ တွင် ၇ ပေခွဲခန့်၊ ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် ၆ ပေခန့်စီ၊ ကနီမြို့တွင် ၁ ပေခန့်နှင့် မုံရွာ မြို့တွင် ၂ ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ် ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေကြောင်း မိုးလေ ဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထား သည်။
ဟုမ္မလင်းမြို့နယ်မှ NLD အလုပ်အမှုဆောင်ဖြစ်သည့် ဒေါ်ရီရီမွန်က “ မနေ့တုန်းက စပြီးတော့ ရေက ပြန်ကျနေပါပြီ။ ဒါပေမယ့် ရေအကျကတော့ တနေ့လုံးမှ ၁လက်မ ၂ လက်မလောက်ပဲ ဖြည်းဖြည်းချင်း ကျနေတာ။ ရေကျတော့ နှေးသေး တယ်။ အိမ်ထဲကို ရေဝင်တာတွေတော့ ရှိသေးတယ်။ ရေတွေက ရှိမြဲရှိတိုင်းပဲ ရင်ခေါင်းလောက် ရေကနေပြီးတော့ ၄ ၊ ၅ လက်မလောက် လျော့သွားတာ အမြင့်ပိုင်းမှာရှိတဲ့ ကုန်းပေါ်ကျောင်းတွေကတော့ ဖွင့်တယ်။ တချို့ ရေမြုပ်တဲ့ ကျောင်း တွေကတော့ ပိတ်ထားဆဲပဲ”ဟု ဧရာဝတီသို့ ပြောသည်။
နောက် ၂ ရက်အတွင်း ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်ပြီး ဖောင်းပြင်မြို့တွင် ၂ပေခန့်နှင့် မော်လိုက်မြို့တွင် ၁ပေခွဲခန့်ဆီ ပြန်လည် ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက် တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
နောက် ၁ရက်အတွင်း ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် ပေဝက်ခန့်စီ၊ နောက် ၂ ရက်အတွင်း ကနီမြို့တွင် ၁ပေခန့်နှင့် နောက် ၃ ရက်အတွင်း မုံရွာမြို့တွင် ၁ပေခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁ လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ၁ပေခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ ဇလက ထုတ်ပြန်ထားသည်။