လက်ရှိ အစိုးရသစ် လက်ထက်တွင် ဆိုင်းငံ့ခံထားရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် Resort (အပန်းဖြေနေရာ) တည်ဆောက်ရေးစီမံကိန်း အပိုင်း၁ ကို တိုင်းဒေသကြီး အစိုးရက ပြန်လည် စတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းနေရာသည် Sensitive region (ထိခိုက်လွယ်သည့် နေရာ) ဖြစ်သည့်အတွက် ပြန်လည် သုံးသပ်ရန် လိုအပ် သောကြောင့် ခေတ္တ ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း၊ အစိုးရက ခွင့်ပြုရာတွင်လည်း မြေ ၄၀ ဒသမ ၂၇ ဧကကိုသာ ကန့်သတ် ချက်ဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ရှေးဟောင်းသုတေသန ဦးစီး ဌာန၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ EIA၊ HIA၊ OSHE အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ပ ပညာရှင်များ အစရှိသည့် အဖွဲ့အစည်းများဖြင့် ကွင်းဆင်းစိစစ်၍ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
တောင်သမန်သစ္စာ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းဝင်းနောင်က “ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၇ ရက်နေ့က စပြီး မြို့တော် ဝန်ကြီးရဲ့ညွှန်ကြားချက်ကြောင့် အားလုံး ရပ်ဆိုင်းထားခဲ့ပါတယ်၊ ဒီနှစ်ဖေဖော်ဝါရီ ၁၄ရက်နေ့က စီမံကိန်းအပိုင်း ၁ကို ပြန် လည်ခွင့်ပြုပေးခဲ့ပါတယ်။ အဆောက်အအုံတွေကို မဆောက်သေးပါဘူး။ အရင်ဒီဇိုင်းကို ပြန်ပြင် ရေးဆွဲနေတဲ့ အတွက် မြေသား ပြုပြင်တာတွေကိုပဲ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက် ရရှိဖို့အတွက်လည်း တင်ထားပါတယ်”ဟု ပြောသည်။
ယင်းစီမံကိန်းကို ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကျေးလက်ဒေသ အငွေ့အသက်များကို တစုတစည်းတည်း ရရှိစေရန် ကျေးလက်လူနေမှု ဘ၀ တိုးတက်စေရေး ဦးစားပေးအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အစိုးရ၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ယင်းစီမံကိန်းကို မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့် ဦးဆောင်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်သမန်သစ္စာ ကုမ္ပဏီက ၂၀၁၅ ခုနှစ် ဧပြီမှ စတင်ကာ မန္တလေးခရိုင် အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာ အုပ်စု အတွင်း ရှိ တောင် သမန်အင်း၏ အရှေ့တောင်ထောင့်တွင် အပိုင်း ၄ ပိုင်းဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိ အစိုးရ သစ် လက်ထက်၌ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနေခြင်းနှင့်အတူ ရှေးဟောင်းသမိုင်းဝင် ဦးပိန်တံတား ကာကွယ် ရေး ဇုန် နယ်နိမိတ် အတွင်း ရှိနေ၍ ပြန်လည် သုံးသပ်နိုင်ရန် ခေတ္တဆိုင်းငံ့ခံခဲ့ရကြောင်း သိရသည်။
စီမံကိန်း အင်ဂျင်နီယာမှူးကြီး ဦးသိန်းဝင်းက “စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဖို့ ဘက်လိုက်မှု ကင်းတဲ့ တတိယ အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာအသိအမှတ်ပြု OSHE အဖွဲ့ ကို ခေါ်ယူပြီး စီမံကိန်းနဲ့ ပတ်သက်ပြီးEIA,SIA (ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း) အတွက် အစီရင်ခံစာတွေ လည်း ရရှိ ထားပါတယ်” ဟု ပြောသည်။
အမှိုက်များနှင့် ရေဆိုးများကိုလည်း အင်းထဲသို့ စွန့်ပစ်မည်မဟုတ်ဘဲ အမှိုက်ကို ကိုယ်ပိုင်အမှိုက်ကားများဖြင့် စည်ပင်က သတ်မှတ်ထားသည့် နေရာတွင် စွန့်ပစ်မည်ဖြစ်သကဲ့သို့ ရေဆိုးများကိုလည်း BOT လျှော့ချပြီး ပိုက်လိုင်းများမှတဆင့် ဧရာ ဝတီမြစ်အတွင်း စွန့်ပစ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
စီမံကိန်းပြုလုပ်မည့် နေရာသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦးပိန်တံတား ကာကွယ် ရေးဇုန် နယ်နိမိတ်နှင့် ပေ ၁၉ဝဝ ကျော် (မိုင်ဝက်ခန့်)ကွာဝေးပြီး တောင်သမန်အင်းနှင့် ဦးပိန်တံတားအား ထိခိုက်နိုင်ခြင်း မရှိကြောင်း၊ တိုင်းအစိုးရက ပြန်လည်ခွင့်ပြုပေးရာတွင် ဦးပိန်တံတားနှင့် ကပ်လျက် တောင်သမန်အင်းပတ်လမ်းနှင့် ပေ ၂၀၀ ခွာရန်၊ ဦးပိန်တံတားနှင့်ကပ်လျက် တောင်သမန်အင်းပတ်လမ်း ခင်းထားသည့် ကျောက်ချောလမ်းအား ဖယ်ရှား ပေး ရန်တို့ ဖြစ်သည်။
ထို့ပြင် တံတားအနီးတွင် စိုက်ထူထားသော အမရသုခုမ ရင်ပြင်ဆိုင်းဘုတ် ဖျက်သိမ်းရန်၊ အဆောက်အအုံများကို သတ်မှတ် အင်း ကမ်းစပ်နှင့် ပေ ၁၅၀ အကွာတွင် တည်ဆောက်ရန်၊ အဆောက်အအုံအမြင့်ကို ပေ ၄၀ ထက် မကျော် စေရန်နှင့် သတ် မှတ်ခွင့်ပြုပေးသည့် ပုံစံ၊ အဆောက်အအုံ အရေအတွက်ထက် မပိုစေရန် ဟူသည့် သတ်မှတ် ချက် များဖြင့် ခွင့်ပြုပေးထား ခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်ခွင့်ပြုပေးသည့် စီမံကိန်းမြေဧရိယာပေါ်တွင် 3 Star အဆင့်ရှိ ဟိုတယ် ၆လုံးနှင့် Shope House များ ပါဝင်သွား မည်ဖြစ်သလို နားနေအပန်းဖြေဥယျာဉ်၊ ရိုးရာယဉ်ကျေးမှုနှင့် လက်မIပစ္စည်း ဈေးဆိုင်တန်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ ပြခန်းများ၊ ဝန်ဆောင်မှုနယ်မြေ၊ ခရီးသွားလမ်းညွှန်နယ်မြေ၊ ခရီးသွားဝန်ဆောင်မှုနယ်မြေများ ပါဝင်ပြီး နိုင်ငံခြားခရီးသွားဧည့်သည်များကို အဓိက ဆွဲဆောင်နိုင်စေရန် ရည်ရွယ် မျှော်မှန်းထားသည်။
စီမံကိန်းပါ အဆောက်အအုံများကို အမြင့် ၂ ထပ်ဖြင့်သာ ဆောက်လုပ်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်၏ သဘာဝအလှအပကို မထိခိုက်စေရန်နှင့် စိမ်းလန်းစိုပြည်စေရန် စီမံကိန်းဧရိယာ၏ ၇၀ ရာခိုင်နှုန်းကို အဆောက်အအုံ၊ ၃၀ရာခိုင်နှုန်းကို သစ်တော ဧရိယာအဖြစ် သတ်မှတ်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်ဖော်ဆောင်မှုများတွင် နိုင်ငံ ၂၃ နိုင်ငံမှ ပညာရှင်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။