ပြည်နယ် ဘတ်ဂျက်ငွေ ကျပ်သိန်း ၄၆၅၀ ဖြင့် တည်ဆောက်ပြီး တလ အကြာတွင် တမံ အစိတ်အပိုင်းအချို့ ပျက်စီး ခဲ့ရသည့် မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ အလှပ်ကျေးရွာ ရေငံတား တမံအား ဘက်စုံကြံ့ခိုင်ရေး အစီအစဉ် ရေးဆွဲ၍ ယခုလအတွင်း တင်ပြရန် သမ္မတရုံးမှ တောင်းခံထားကြောင်း ပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။
၎င်းက “နိုင်ငံတော် သမ္မတရုံးက ဘက်စုံ စဉ်းစား သုံးသပ်ပြီးတော့ အခိုင်မာဆုံး ဖြစ်အောင် ဆောင်ရွက် နိုင်မယ့် နည်းလမ်း ဘာရှိလဲပေါ့၊ တွက်ထားပြီးသားလားပေါ့၊ တွက်ထားပြီးသား ဆိုရင် နိုင်ငံတော် သမ္မတ ရုံးကို တင်ပြ ပေးဖို့ တောင်းခံ ထားတာ ရှိပါတယ်” ရှင်းပြသည်။
ထိုသို့ တောင်းခံထားသည့်အပေါ် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ On Call အစည်းအဝေး ခေါ်ယူ၍ ယခင် တည်ဆောက် ထားပြီး ဖြစ်သည့် ပေ ၁၂၀၀ ကျော် တမံအား ခိုင်ခံ့အောင် ပြန်လည် တည်ဆောက်မည့် အစီအစဉ်နှင့် မုတ္တမ ပင်လယ်ကွေ့နှင့် ကပ်လျက် တည်ရှိသည့် အလှပ် ကျေးရွာအား အလှပ် ကျေးရွာ တရွာလုံးအား ပင်လယ်ရေငန် ဝင်ရောက်ခြင်းမှ အထိုက်အလျောက် အကာအကွယ် ပေးနိုင်မည့် အစီအစဉ် ၂ မျိုးအား သမ္မတရုံးသို့ တင်ပြရန် ရှိကြောင်း သိရသည်။
“ဒီတမံကြီးကို အဲဒီလောက် အကုန်အကျခံပြီး တင်ပြမယ် ဆိုတဲ့ အနေအထားထက် နောက်ထပ် Plan B ပေါ့လေ၊ ဘာကို ရွေးချယ် ရမလဲ ဆိုတဲ့ ကိစ္စကို ကျနော်တို့ လုပ်နေတာ ရှိပါတယ်။ စင်ကာပူက ပညာရှင်တွေက လာပြီး စမ်းသပ် ထားတာလည်း ပြီးသွားပြီ၊ အဲဒီအစီအစဉ် ၂ ခုကို တင်ပြ သွားဖို့ ရှိပါတယ်” ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။
လက်ရှိ တမံအား ပိုမိုခိုင်ခံ အားကောင်းအောင် တည်ဆောက်ရန် အတွက် တွက်ချက် ထားသည့် ပမာဏမှာ ကျပ် သိန်းပေါင်း ၂၅၀၀၀ မှ ၃၁၀၀၀ ကြား ဖြစ်ပြီး တရွာလုံးအား ပင်လယ်ရေငန် ဝင်ရောက်ခြင်းမှ အထိုက်အလျောက် ကာကွယ်ရန် အစီအစဉ် အတွက် ကုန်ကျစရိတ်ကိုမူ အသေးစိတ် မတွက်ချက်ရသေးကြောင်း သိရသည်။
“အခုတမံ အနေအထားကတော့ စိတ်ချရတဲ့ အနေအထားမှာ ရှိတယ်၊ ရေထရက်တွေ မှာတော့ အင်အားကို ပိုသုံးပြီးတော့ ပြင်ရတယ်၊ ရေတခါ တက်လိုက် နည်းနည်းလေး ပုံစံပျက်တဲ့ဟာတွေကို ပြန်ပြင်လိုက်၊ အခုမြေသား အလွတ် နေရာတွေ မရှိတော့ဘူး၊ ဂါဗီယန် ကျောက်ခြင်းတွေ အကုန် ချထားပြီးပြီ” ဟု ပေါင်မြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သိန်းနိုင်က ရှင်းပြသည်။
ယခု မိုးရာသီတွင် ထပ်မံ ပြိုကျ ပျက်စီးခြင်း မရှိစေရန် အတွက် မေလ ၂၇ ရက်နေ့မှစ၍ မိုးရာသီ ကုန်သည်အထိ ပေါင်မြို့နယ် ဆည်မြောင်း ဦးစီး ဌာနမှ ဝန်ထမ်းအင်အား ၆၀ ကျော်ဖြင့် နေ့၊ ည အုပ်စု ခွဲ၍ မပြတ် စောင့်ကြည့် နေကြောင်းလည်း ပေါင်မြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ သိရသည်။
ပေ ၁၂၀၀ ကျော်ရှိသည့် ယင်း ရေငန်တား တမံတည်ဆောက်ရေး အတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် သိန်းပေါင်း ၁ သောင်းကျော် တောင်းခံ ထားသည့် အနက် သိန်းပေါင်း ၄၆၅၀ သာ ဘတ်ဂျက် ရရှိခဲ့၍ တည်ဆောက်ရာတွင် အားနည်းချက်များ ရှိခဲ့ပြီး “မိုရာ” မုန်တိုင်း ဝင်ရောက် တိုက်ခတ်စဉ် ၁၀ ပေ အမြင့်ရှိ လှိုင်းရိုက်ခတ်ဒဏ်ကြောင့် တမံ မျက်နှာပြင် ပေ ၃၀၀ ကျော် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။