သတင်း

တပ်မတော်နှင့် SSA ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် တပ်မတော် အရှေ့ပိုင်းတိုင်း လက်အောက်ခံ တပ်မတော်တပ်ရင်းများနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တပ်ရင်းများ အကြား တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ဟိုပုံးမြို့နယ် မိုင်းပြင်း တိုက်နယ်၊ ပါခီးကျေးရွာအုပ်စု ဟိုင်းခိုင်းကျေးရွာ အနီး၌ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော် တပ်ရင်း ခလရ ၂၄၉ နှင့် ယင်းဒေသ အခြေစိုက် SSA တပ်ရင်းများ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS/ SSA ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းငင်း က “တိုက်ပွဲက ရုတ်တရက် ရင်ဆိုင်တိုက်လိုက်တဲ့ ထိတွေ့မှုပေါ့။ အမှန်ဆို Bilateral Agreement အရရော၊ NCA အရရော အစိုးရ တပ်မတော်က ကျနော်တို့ နယ်မြေထဲကို ဝင်လာတော့မယ်ဆိုရင် ကြိုတင်အကြောင်းကြား ညှိနှိုင်းပြီးမှ ဝင်လာရတာကိုး။ အခုက ကြိုတင်အကြောင်းကြားညှိနှိုင်းခြင်းမရှိဘဲ ဗြုန်းစားကြီးဝင်လာတယ်ဆိုတော့ ထိတွေ့မှုတွေ ဖြစ်သွားခဲ့တာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ မြေပြင်သတင်းများအရ အသေအပျောက် စာရင်း ကြားသိရခြင်း မရှိသေးသော်လည်း နှစ်ဘက်လုံး တွင် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားမှု အကြောင်းအရင်းနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အတွက် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-s) ထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ အရပ်သားများမှ ဆက်သွယ်အကြောင်းကြားမှုများ ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်ကို မသိရသေးသော်လည်း တပ်မတော်နှင့် RCSS တို့အကြား ယခင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် နယ်မြေသတ်မှတ်ရေး တိတိကျကျ မလုပ်နိုင်သေးမှုအပေါ်တွင် မူတည်ကြောင်း ရှမ်းပြည်နယ် JMC-s အဖွဲ့ဝင် အရပ်သား ကိုယ်စားလှယ် ခွန်စိုးထွန်းအောင် က ပြောသည်။

နယ်မြေသတ်မှတ်ရေး တိတိကျကျ မလုပ်ဆောင်နိုင်သေးသဖြင့် နှစ်ဘက်ထိတွေ့မှု ပဋိပက္ခများကို ဖြေရှင်းရာတွင်လည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ခွန်စိုးထွန်းအောင် က “နယ်မြေသတ်မှတ်မှု အတိအကျ မရှိသေးတာက အဓိက ပြဿနာ၊ ဖြေရှင်းရခက်တယ်။ သူ့နယ်မြေ၊ ကိုယ့်နယ်မြေလို့ ပိုင်းခြားထားမှု မရှိဘူးဆိုရင်တော့ ကျနော်တို့ဘက်ကလည်း နည်းနည်းလေး ပြောရဆိုရ ခက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပါ။ တပ်မတော်ဘက်ကလည်း ထိုတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍လည်း တစုံတရာ ထုတ်ပြန်ထားသည် ကိုလည်း ယခုအထိ မတွေ့ရသေးပါ။

RCSS/SSA သည် အပစ်ရပ် ၈ ဖွဲ့အနက် တပ်မတော်နှင့် တိုက်ပွဲပြန်ဖြစ်မှု အများဆုံး အဖွဲ့ ဖြစ်ပွားခဲ့ပြီး ယခင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JM)C နှင့် JMC-s တို့မှ တဆင့် ဖြေရှင်းရန် ဆောင်ရွက်ခဲ့သော်လည်း ဆိုင်းငံ့ထားနိုင်သော အဆင့်သာရှိခဲ့ပြီး တိတိကျကျ ဆောင်ရွက်နိုင်ခြင်း မရှိသေးဟု RCSS က ဆိုသည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading